အပိုင်း - ၁၈၀ ( ဝမ်းအိုက်ချင်း ဘယ်သွားတာလဲ )( အမတ်မင်းဝမ်း မူးနေပြီ )
နှစ်ယောက်သား လိုက်ပါစီးနင်းလာသော သင်္ဘောကြီးမှာ နန်ယန်သို့ ကုန်စည်ကူးသန်းရန် ရွက်လွှင့်သွားခြင်းဖြစ်၏။ ပေလေးဆယ်မျှရှည်ကာ အကျယ်ဆယ်ပေရှိပြီး ရှုပ်ထွေးသောပန်းခက်ပန်းနွယ်များ ထွင်းထုထားသည့် ထိုသင်္ဘောမှာ အထက်တန်းဆန်ဆန် ထည်ဝါနေလို့။ သင်္ဘောအပေါ်ထပ်နှင့်အောက်ထပ်တွင်လည်း လူများ သွားလာဖြတ်သန်းနေရာ နေ့ခင်းပိုင်းဆိုလျှင် နှစ်သစ်ကူးရာသီအလား။
"ရိက္ခာသိုလှောင်ခန်းထဲ ခိုးဝင်မယ်?"
ကျိုးမုပိုင်မှာ မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
"လုပ်လို့တော့ရတယ်ဆိုပေမယ့် အတော်စွန့်စားရမှာ။ ပေ့ရှားပင်လယ်ကွေ့က ရန်သူ့နယ်မြေဖြစ်တဲ့အပြင် ဘာစက်ယန္တရားတွေနဲ့ ထောင်ချောက်ဆင်ထားမှန်း ဘယ်သူမှမသိဘူး။ ကျွန်တော်တို့ကိုသာ မိသွားရင် ပြန်ထွက်လာနိုင်ဖို့ ခက်ပါမယ်"
ကျောက်ယွဲ့မှ ဆက်ဆို၏။
"ဒါပေမယ့် ဒါကပဲ အမြန်ဆုံးနည်းလမ်း ဖြစ်နေတာပါ။ ပေ့ရှားကွေ့အပြင်ဘက်က မြူခိုးတွေကြောင့် တစ်ဖက်ရန်သူက စိတ်ချလက်ချရှိပြီး လုံခြုံရေးတင်းကျပ်မနေနိုင်ဘူး။ ပြီးတော့ ကျွန်တော် သွားရဲပါတယ်၊ ခြစ်ရာတစ်စက်မှ မစွန်းစေဘဲနဲ့တောင် ပြန်ထွက်လာနိုင်ပါတယ် "
ကျိုးမုပိုင်ကမူ ခေါင်းခါလာ၏။
"ရှောင်လျို့ကျီ သဘောမတူလောက်ပါခင်ဗျာ"
ကျောက်ယွဲ့ ရယ်မိသွား၏။
"အစ်ကိုကျိုးက သူ့ဆီ ပြန်သွားညည်းပြဖို့ တွေးသေးတယ်လား"
"ဒါပေမယ့် - "
သို့သော် ကျိုးမုပိုင်၏စကား မဆုံးသေးခင်မှာပင် မိန်းမပျိုလေးတစ်ယောက် ရုတ်တရက်ဝင်လာ၏။ ထိုမိန်းမပျိုမှာ အသက်ဆယ့်ရှစ်အရွယ်ခန့သာရှိကာ ဆံပင်ရောအဝတ်အစားများပါ စုတ်ပြဲပေပွနေ၏။ ထို့နောက် ကျောက်ယွဲ့၏ရင်ခွင်ထဲ ထိတ်လန့်တကြား ဝင်ခိုလှုံလာသည်။