အပိုင်း - ၁၄၃ ( ခမ်းနားကြီးကျယ်သော ထိမ်းမြားမင်္ဂလာပွဲ - ၁ )
( ဘာလို့ အလျင်လိုနေတာလဲ )
"သားအဖလိုသာ တကယ်ချစ်ကြတယ်ဆို ဟိုနေ့အမှုဖြစ်ပြီးကတည်းက ဒီနေ့ထိ ဘာလို့ တစ်ချက်မှတောင် ပေါ်လာဖော်မရတာလဲ။ ရင်းနှီးတဲ့ဆွေမျိုးမိတ်သင်္ဂဟတွေ မပြောနဲ့၊ ရွှေမြို့တော်ထဲက သာမန်ပြည်သူတောင် လမ်းမှာတွေ့တိုင်း မေးထူးခေါ်ပြောလုပ်ကြတယ် လူနာမေးဖော်ရကြတယ်"
"အမတ်မင်းကို ဘုရင့်သက်တော်စောင့်တွေ အမြဲမပြတ် စောင့်ကြပ်နေတယ်လေ။ ပြီးတော့ လူကြီးမင်းက သူများနဲ့ အခြေအနေမတူတာမို့ မလာဖြစ်တာပါလို့"
"ဒါဆို သခင်လေးဝူကရော ဘယ်လိုလုပ်လိုက်လို့ ဒီထဲကို ရောက်လာနိုင်တာပါလဲ"
"...."
"လူကြီးမင်းရဲ့ သိုင်းစွမ်းရည်က အသင့်ထက်တောင် မြင့်မားထူးချွန်နေမှာ မဟုတ်ဘူးလား။ လူကို တကယ်စိတ်ပူရိုးမှန်ရင် ဝမ်းစံအိမ်မှာ ဘုရင့်ရဲမက်တွေ ရှိနေရုံမဆိုထားနဲ့၊ စစ်သူကြီးတွေ လာရောက်ဝန်းရံထားရင်တောင် လူကြီးမင်းကို တားဆီးနိုင်စွမ်း မရှိလောက်ပါဘူး"
ဝူယင်း - "..."
"ဒီလောကမှာ ဒီလိုသားအဖမျိုး တကယ်ရှိနေနိုင်တာပဲလား။ သားဖြစ်တဲ့လူ ဒဏ်ရာရတော့ တစ်ချက်မှတောင် စိတ်ပူမပြဘဲ သားဖြစ်တဲ့လူ လက်ထပ်တော့မယ်လို့လည်း ကြားရော သူ့ဆီ ဘာလို့ ခွင့်လာမတောင်းတာလဲလို့ အကြောင်းရင်းလာမေးခိုင်းတယ်၊ ဟုတ်စ။ အဲ့ဒါ ဘာအထာလဲ မေးကြည့်ပါရစေ"
ဝူယင်းမှာ ဘာမှပြန်မပြောနိုင်လောက်အောင် လည်ချောင်းထဲ တစ်ဆို့သွား၏။
"ဟုတ်ပါပြီ၊ သားအဖဆက်ဆံရေး မဟုတ်ရင်တောင် ဆရာတပည့်တော့ ဖြစ်နေတာပဲမလား။ ကိုယ့်တပည့်က သေမလားရှင်မလား မသေချာတဲ့ေန့ရက်တွေမှာ သူကိုယ်တိုင်ကလည်း ရွှေမြို့တော်ထဲ ရှိနေရဲ့သားနဲ့ မျက်နှာလေးတောင် လာမပြဘူး။ ဘယ်သူ့ကိုပဲ ဒီကိစ္စကို စိစစ်ဝေဖန်ခိုင်းပါစေ၊ လူကြီးမင်းဘက်က မှန်နေတယ်လို့ ဘယ်သူမှ ထင်မြင်ယူဆကြမှာ မဟုတ်ပါဘူး"