အပိုင်း - ၁၆၅ ( အချိုပွဲချက်တတ်တဲ့ အဘွားရှီ )( တစ်ခုခု မူမမှန်သလိုပဲ )
"မင်းအဖေက စာရူးပေရူးဆိုပေမယ့် ဘာလုပ်လုပ် ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေရှိသေးတယ်။ မင်း ဘာမှကို မသင်ယူလာဘူးပဲ"
ဟိုင်ဟွားနျဲန်၏မျက်နှာထက် အလိုမကျမှုများ ထွက်ပေါ်လာလို့။
ဤည ဤနေရာတွင် တည်းခိုလိုက်ပါရန် ဖိတ်ကြားသည့်တိုင် ထိုကလေးမှာ မိမိအား မွေးစားမေမေဟု ခေါ်ဆိုဖော်မရသဖြင့် စိတ်ညစ်ရသည်သာ။
"အဲ့လိုမဟုတ်ရပါဘူးခင်ဗျာ။ အပြင်ဘက်မှာ ကျွန်တော့်ကို စောင့်မျှော်နေတဲ့လူ ရှိနေတာမို့ပါ"
"ဘယ်သူလဲ၊ ဂိုဏ်းချုပ်ရှန်လား"
"မဟုတ်ပါဘူးခင်ဗျာ၊ မဟုတ်ပါဘူး"
ဝမ်းလျိုနျဲန်မှ ပျာပျာသလဲ ခေါင်းခါလာ၏။
"ဒီမတိုင်ခင် ကျွန်တော် လက်ထပ်ထားတာပါ"
"ကြည့်ဦး၊ မင်းအဖေနဲ့ တစ်ထေရာတည်းပဲ"
ဟိုင်ဟွားနျဲန်က ဝမ်းလျိုနျဲန်၏ပါးပြင်ကို ဆွဲညှစ်လိုက်၏။
"အသက်ကဖြင့် ဘယ်လောက်ပဲရှိသေးလို့ အလောတကြီး လက်ထပ်လိုက်တာတုန်း"
"ကျွန်တော်...ကျွန်တော် ပြန်မသွားရင် သူ စိတ်ပူလိမ့်မယ်ခင်ဗျာ"
"လွယ်ပါတယ်၊ သူ့ကို အထဲခေါ်လာဖို့ လူလွှတ်လိုက်မယ်။ ငါ ထျဲန်းယာမြိုင်နန်းသခင်ဟာ ညစ်ပတ်နံစော်တဲ့ ယောက်ျားတွေကိုသာ မကြိုက်တာ။ မိန်းကလေးဆိုရင် ရတယ်။ မင်းရဲ့မိန်းမဆို ဘယ်ပြောကောင်းတော့မလဲ"
"ဟို..."
ဝမ်းလျိုနျဲန်က အပြစ်ကင်းစင်လှသော မျက်ဝန်းများဖြင့် ကြည့်လာ၏။
"သူက ယောက်ျားလေးပါ"
"…"
"…"
"…"
"မင်း ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားတယ်!!!!!"
အတန်ကြာခါမှ ဟိုင်ဟွားနျဲန်မှာ သတိပြန်ဝင်လာနိုင်သည်။ ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်၏။