အပိုင်း - ၈၅ ( မိန်းကလေးက လောကကြီးအကြောင်း အထာမနပ်သေးဘူးပဲ )( အဲ့တုန်းက မိစ္ဆာဂိုဏ်းဆိုတာ ဘယ်လိုပုံစံလဲဆိုတာရော သိသလား )
ဝမ်းလျိုနျဲန်အား ပွေ့ဖက်ထားလျက် ကျောက်ယွဲ့သည်လည်း စားသောက်ဆိုင်အောက်ထပ် ခုန်ဆင်းလာ၏။ ကျိုးမုပိုင်၏ ကန်ချက်က အတန်ငယ် ပြင်းသွားသည်ထင် ၊ ထိုယောက်ျားမှာ ပါးစပ်ဟပြီး အသက်ရှိုက်ရှူနေရကာ အတန်ကြာသည့်အထိ စကားမပြောနိုင်ခဲ့ပါချေ။ ထိုသူ၏ အပြုအမူမှာ လွန်စွာမှ ထူးဆန်းနေကာ မည်သူမှလည်း သူ့အား မမြင်ဖူး။
မကြာသေးမီက အစိုးရရုံးတော်မှာ စုံစမ်းစစ်ဆေးမှုများအား အင်မတန်မှ တင်းကျပ်စေ့စပ်ထားလေရာ မြို့သူမြို့သားအားလုံးများသာမက မြို့အဝင်အထွက်ပြုသူမှန်သမျှကိုလည်း မြို့စောင့်တပ်က မှတ်တမ်းတင်ထားကြ၏။ ဘယ်ကမှန်းမသိရောက်လာသော မျက်နှာစိမ်း ပေါ်လာဖို့ရန်မှာ လုံးဝလုံးဝ မဖြစ်နိုင်သောကိစ္စပါပေ။
"မောင်မင်းက ဘယ်သူလဲ"
ဝမ်းလျိုနျဲန်မှာ လွန်စွာမှ တည်ကြည်ခန့်ညားနေပေသည်။ ထိုယောက်ျားကမူ ရေငုံနှုတ်ပိတ်သာ ဆက်နေခဲ့ကာ သေဖို့ရာသာ တွေးခဲ့သည်။ ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်တပ်မှူးက သူ့တစ်ကိုယ်လုံးအား စစ်ဆေးကြည့်လိုက်ရာ အဆိပ်ပုလင်းတစ်ပုလင်း တွေ့ရှိလာသည်။
"အဖမ်းခံရမယ်ဆိုရင် အဆိပ်သောက်ပြီး အဆုံးစီရင်မယ်ပေါ့လေ?"
ဝမ်းလျိုနျဲန်က သူ့ရှေ့ ထို်င်ချလိုက်၏။
"ဒါမှမဟုတ် မြို့ထဲ ခိုးဝင်လာပြီး တစ်ယောက်ယောက်ကို အဆိပ်ခတ်ချင်တာများလား"
ထိုသူကမူ တိတ်ဆိတ်နေဆဲ။
ဝမ်းလျိုနျဲန်က မတ်တတ်ပြန်ရပ်လိုက်၏။
"ဘယ်တစ်ခုပဲ လုပ်လုပ်ပါ၊ အခု အစိုးရလက်ထဲ အဖမ်းခံလိုက်ရပြီဆိုတော့ မောင်မင်းရဲ့အကြံအစည် ပျက်စီးသွားပါပြီ။ စောစောစီးစီး ဖွင့်ဟဝန်ခံလာရင်တော့ သေဒဏ်ကနေ ကင်းလွတ်နိုင်ပါမယ်"
"ငါ ဘာမှပြောပြမှာ မဟုတ်ဘူး"
နောက်ဆုံးတော့ ထိုသူက ပြောလာ၏။