အပိုင်း - ၁၇၈ ( ဧရာမသင်္ဘောနက် )
( စစ်ဖြစ်တော့မှာဆိုတော့ ကျွန်တော် အရင်ထွက်သွားလို့ရမလားဟင်)
နှစ်သစ်ကူးအပြီး ဆယ့်ငါးရက်မြောက်နေ့တွင် ဝမ်းမိသားစုလည်း ကျန်းနန်သို့ပြန်သွားကာ ကျိုးမုပိုင်ကမူ မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ချင်သေးသည်ဟုဆိုပြီး ကုန်သည်များနှင့်အတူ ပင်လယ်ဘက် ခရီးထွက်သွားခဲ့သည်။ တစ်အိမ်လုံးလည်း ပြန်လည်တိတ်ဆိတ်သွားကာ အရိပ်တပ်သားများမှာ သက်ပြင်းချရုံမှတပါး။ သခင်ကြီးရှန့်တို့လည်း ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်း မသိရကာ ခုထက်ထိတိုင် ပြန်မလာကြသေးပါချေ။
အရှေ့ပင်လယ်ပြင်ထက် ဧရာမကုန်သည်လှေကြီးတစ်စင်းက လှိုင်းလုံးများထက် ဖြတ်သန်းပြေးလွှားနေ၏။ ရှန့်ယွင်ကျယ်က ဝတ်ရုံကိုချွတ်လိုက်ကာ မုချင်းရှန်းအား လွှမ်းခြံုပေးလာသည်။
"ခဏလောက် ပြန်အိပ်သွားဦး"
မုချင်းရှန်းက ခေါင်းခါကာ ငြင်းဆန်လာ၏။
"မအိပ်ချင်ဘူး"
ရှန့်ယွင်ကျယ်မှာ ရယ်ရခက်ငိုရခက် ဖြစ်သွား၏။
"ပင်လယ်ခရီးပဲဟာ၊ ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ။ နေမထွက်ခင်လည်း နိုးနှင့်တယ် ၊ မအိပ်ခင်လည်း ညတိုင်းညတိုင်း ကိုယ် သိပ်ပေးရတယ်။ နေ့ခင်းပိုင်းဆိုလည်း အိပ်မငိုက်ဘူး"
မုချင်းရှန်း၏မျက်လုံးများ တောက်ပသွား၏။
"ကျွန်တော် တစ်ခါမှ လှေမစီးဖူးဘူး။ ပင်လယ်ထဲ ခရီးထွက်ရမယ်လို့လည်း တစ်ခါမှ စိတ်မကူးဖူးခဲ့ဘူး"
ရှန့်ယွင်ကျယ်က တစ်ဖက်လူ၏ပုခုံးကို ဖက်လိုက်ကာ ဆိုသည်။
"ဆယ်ရက်ကျော်ေတာင် အဲ့လု်လုပ်ေနတော့ တော်လောက်ပြီ။လာ ၊ အခန်းထဲကိုပဲ လိမ်လိမ်မာမာ ပြန်လိုက်လာခဲ့။ ခဏနေ လေပြင်းတိုက်တော့မှာ"
"မပြန်ဘူး!!!"
"မပြန်ရင် ဒီမှာပဲ ဖက်နမ်းပစ်လိုက်မှာနော်"
ရှန့်ယွင်ကျယ်မှ ခြိမ်းခြောက်လာသောအခါ မုချင်းရှန်းက ခြေထောက်ဖြင့်ကန်လာ၏။ သူ လုံးဝ မကြောက်ပါခေျ။