အပိုင်း - ၃၇ ( ညကြီးသန်းခေါင် ဘာလုပ်တာလဲ ){ ခေါင်းဆောင်ကျောက်က အမတ်မင်းကို တောင်ပေါ်ခေါ်သွားတယ် }
ရှန့်ယွင်ကျယ်တစ်ယောက် အတော်လေး စိတ်ညစ်သွားကြောင်း မြင်ရသောအခါ မုချင်းရှန်းက "ကျွန်တော်တို့ .....လမ်းထွက်လျှောက်ကြမလား" ဟု ဖိတ်ခေါ်လာသည်။ ထိုသူက သေချာရွေးဝယ်ပြီးခါမှ အလိမ်ခံရသည်ကိုး။ စိုးရိမ်နေလည်း မထူးပြီမို့ စိတ်သက်သာရာရအောင် အလိုက်သင့် နေပေးတန်ရာ၏။
"အရက်တစ်ခွက်လောက် သွားသောက်ကြမလား"
ရှန့်ယွင်ကျယ်မှ ထိုသို့မေးလာသောအခါ မုချင်းရှန်း ရှက်သွား၏။
"အရက်သောက်မှာလား။ အင်း....ကျွန်တော် သိပ်မသောက်တတ်ဘူး။ သောက်ပြီးရင်လည်း မူးလွယ်တယ်"
"ဒါဆို ငါသောက်တာပဲ ထိုင်ကြည့်နေလေ"
ရှန့်ယွင်ကျယ်က ညှိနှိုင်းလာ၏။
သိုင်းလောကများက ဤပုံစံမျိုးပင် ဖြစ်ကြပေသကိုး၊ စိတ်ညစ်စရာရှိလာလျှင် မူးအောင်သောက်ပစ်ကာ မှောက်အိပ်လိုက်ကြသည်ပဲ ဟု မုချင်းရှန်း တွေးမိသွားသည်။ လက်ဖက်ရည်ဆိုင်မှ ပုံပြောသူတို့ကလည်း ဤအတိုင်းပင် ပြောနေကြသည်မို့ မုချင်းရှန်းလည်း ထိုကမ်းလှမ်းချက်အား ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီ"
ထို့နောက် ရှန့်ယွင်ကျယ်က ဘယ်လက်ဖြင့် သေရည်အိုးကို ယူလိုက်ကာ ကျန်သောညာလက်ဖြင့် မုချင်းရှန်း၏ခါးအား ဖက်တွယ်လိုက်ပြီး ခေါင်မိုးပေါ်သို့ တက်သွားလိုက်သည်။
"ခံတပ်သခင်ရှန့် ၊ ထိန်းထိန်းသိမ်းသိမ်း သောက်နော်။ မဟုတ်ရင် ကျန်းမာရေးထိခိုက်လိမ့်မယ်"
ရှန့်ယွင်ကျယ်ကမူ ခွက်နှစ်ခွက် ထုတ်လိုက်ကာ တစ်ခွက်ကို ခွက်အောက်ခြေကပ်ရုံမျှ ငှဲ့ပေးလိုက်၏။
မုချင်းရှန်းလည်း ထိုခွက်အား တေ့သောက်လိုက်ရာ သူကပါ သူရဲကောင်းတစ်ယောက်ဖြစ်သွားကဲ့သို့ ခံစားလိုက်ရ၏။
ရှန့်ယွင်ကျယ်လည်း ပြုံးရင်း လိုက်ပါမော့သောက်လိုက်သည်။