အပိုင်း - ၁၅ ( ရပ်ဝေးတစ်နေရာတွင် မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံစည်းရခြင်း )
{ အားပေးအားမြှောက်ကြမ်းလှပါသော စွမ်းအားကြီးအဖွဲ့ }
ဆန်းမန်မြို့က ဆင်းရဲမွဲတေ၏။ ဝမ်းလျိုနျဲန်မှာ ကြည်လင်သောသီတာရေစင်ပမာ အဂတိလိုက်စားခြင်းမရှိဘဲ ကိုယ်ကျင့်တရားဖြောင့်မတ်လှ၏။ သူ၏လစာငွေမှာ နည်းပါးသည့်အထဲတော့ မပါသော်ငြား လစာငွေအများစုကို လူအများအား ကယ်ဆယ်သည့်ကိစ္စတွင် အသုံးပြုတတ်လေရာ ၊ ရုံးတော်ထဲတွင် ဝန်ထမ်းများများစားစား ခန့်မထားနိုင်ချေ။
ထမင်းချက်အဒေါ်ကြီးသည်လည်း ဆန်းမန်မြို့သူသာဖြစ်လေရာ ဒေသရိုးရာအစားအစာများကိုသာ ချက်ပြုတ်တတ်ပြီး အခြားသောဟင်းလျာများကိုဆို မကြားဖူးပါချေ။ ထို့ကြောင့် နှစ်ကုန်ခါနီး နောက်ဆုံးလ၏နှစ်ဆယ့်ကိုးရက်မြောက်နေ့ရောက်သောအခါ ဝမ်းလျိုနျဲန်မှာ နေပင်မထွက်သေးခင်မှာတင် အိပ်ရာမှထပြီး အင်္ကျီလက်စများသိမ်းကာ မီးဖိုချောင်ထဲတွင် စတင်လက်စွမ်းပြတော့၏။
မုချင်းရှန်းလည်း အစတုန်းက သူ့အား ဝင်ကူပေးချင်သေးပေမင့် လက်ဖက်ရည်တစ်အိုးကြိုချိန်ပင် မကြာလိုက်ပါချေ၊ စဥ်းတီတုံးနား ဆက်ပြီး ရပ်မနေနိုင်တော့ဘဲ မျက်ရည်နှာရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။ သို့နှင့် နောက်ဆုံးတော့ ရှန့်ယွင်ကျယ်က သူ့အား အတင်းခေါ်ထုတ်သွားတော့၏။
"အရမ်းစပ်တာပဲ"
မုချင်းရှန်း၏နှာခေါင်းထိပ်မှာ နီရဲနေလို့။
ရှန့်ယွင်ကျယ်က သူ့အား ကွေ့ယွမ်လက်ဖက်ရည်တစ်ခွက် လှမ်းပေးရင်း မေးကြည့်လိုက်၏။
"မနက်ဖြန်ဆို သုံးဆယ်ရက်နေ့ရောက်ပြီ၊ နှစ်သစ်ကူးအကြိုညစာကို မင်း ဘယ်မှာစားဖို့ တွေးထားလဲ"
"သေချာပေါက် အိမ်မှာပဲပေါ့။ မနေ့က လမ်းသွယ်တစ်နေရာထဲမယ် ကျွန်တော့်မရီးနဲ့ဆုံတာ၊ သူက ကျွန်တော်ကြိုက်တဲ့ နံရိုးမျှစ်ချဥ္ဟင်းချက်မယ်လို့ ပြောတယ်"
"ငါ လိုက်ခဲ့လို့ရမလား"
"ဗျာ?"
မုချင်းရှန်း အနည်းငယ်အံ့ဩသွား၏။