အပိုင်း - ၂၀ -
( မင်းက လေပြည်၊ ငါက သဲပွင့် )
{ ရင်ထဲ အရမ်းထိသွားတာပဲ }
"ဘယ်ဂိုဏ်းတွေ ရောက်လာတာလဲဟင်"
ဝမ်းလျိုနျဲန်သည်ပင် အနည်းငယ်အံ့ဩသွား၏။ လုကျွေးက ဖြေဆိုလာ၏။
"ဒီတောင်ပေါ်မှာ နာမည်မျိုးစုံမှည့်ထားတဲ့ ဓားပြဂိုဏ်းတွေ အများကြီးရှိပါတယ်။ ဒီမတိုင်ခင်တုန်းက အိမ်တစ်အိမ်မှာ မင်္ဂလာပွဲကျင်းပတယ်။ အစတုန်းက ဒီဆန်းမန်တောင်နားမှာ သတို့သမီးတင်ဆောင်တဲ့အခမ်းအနား လာလုပ်ကြမလို့။ ဒါပေမယ့် အဲ့လက်ထပ်ပွဲအကြောင်းကိုလည်းသိရော၊ အဲ့ဓားပြဂိုဏ်းက လက်ထပ်မယ့်သတို့သမီးကိုသွားခိုးဖို့ သူ့တပည့်တွေကိုလွှတ်လိုက်တာ။ နောက်ဆုံးတော့ လမ်းခုလတ်မှာ ခေါင်းဆောင်ကျောက်နဲ့တွေ့ပြီး သူတို့အသိုက်ဟောင်းဘက် ပြန်နှင်လွှတ်လိုက်တယ်"
ဝမ်းလျိုနျဲန်က ချီးကျူးလိုက်သည်။
"ခေါင်းဆောင်ကျောက်ကတော့ တကယ်ကိုပဲ ရဲရင့်လှပေတယ်"
ဒါတွေက ကျွန်တော်နဲ့အတူ တောင်အောက်ဆင်းလာသင့်တယ်ဆိုတဲ့ အပိုထပ်ဆောင်းအကြာင်းပြချက်တွေပါပဲ။
လုကျွေးက ဆက်ဆို၏။
"ရှားစီဖန်းရဲ့အဖွဲ့ခေါင်းဆောင်က ကျန့်တာ့လို့ အမည်ရှိပြီး ရက်စက်ကြမ်းတမ်းတဲ့စရိုက်မျိုး ရှိပါတယ်။ သူ့ခေါင်းထဲ ဝက်အူရစ်တစ်ရစ် ပျောက်နေသလို တုံးအအကြီး ဖြစ်နေတာပါ၊ စကားနဲ့ညှိနှိုင်းတာထက်စာရင် သူ့ရဲ့ပုဆိန်ကြီးကိုပဲ အားကိုးတတ်ပါတယ်။ မဟုတ်ရင် ဒီလောက်စောစောစီးစီး နှစ်သစ်ကူးအချိန်အခါကြီးမှာ သူ့သေတွင်းကို လာရှာစရာလားဗျာ "
"အမတ်မင်းရော ဘယ်လိုသဘောရသလဲရှင်"
ဟွားထန်က ဝမ်းလျိုနျဲန်အား မေးလာ၏။
ဝမ်းလျိုနျဲန်က အင်္ကျီလက်များ ခေါက်တင်လိုက်သည်။
"ဓားပြတွေကိုယ်တိုင် ရောက်ချလာမှတော့ သူတို့ကိုအကုန်ဖမ်းပြီး တောင်အောက်ခေါ်သွားရအောင်ပါ"