အပိုင်း - ၃၃ ( ဆန်းမန်တောင်ပေါ်ရှိ ဓားပြများအား နှိမ်နင်းခြင်း )
{ အားသိပ်မစိုက်ရပါဘဲ အနိုင်ရလာခဲ့တယ် }
တောင်ကြားထဲဝယ် မှောင်မည်းနေသည်။ ရံဖန်ရံခါ လေပြင်းများက သစ်ပင်များမှတစ်ဆင့် သရဲမိစ္ဆာများနှယ် တစ်ချက်တစ်ချက် တိုက်ခတ်လာလျက်ရှိ၏။ ကျောက်ယွဲ့က ဝမ်းလျိုနျဲန်အား တစ်ချက်တစ်ချက် အကဲခတ်လာတတ်ရာ တစ်ဖက်လူက လမ်းလေးလျှောက်ရင်း ဘေးပတ်ဝန်းကျင်အား လိုက်ကြည့်နေမှန်း တွေ့လိုက်ရသည်။ ၎င်းမှာ ညခင်းထောက်လှမ်းခြင်းနှင့် မတူဘဲ စာပေမိတ်ဆွေများနှင့် အလည်အပတ်လာရောက်ခြင်းနှင့်သာ ပိုတူနေသည်။
"အမတ်မင်း၊ ချမ်းနေလားခင်ဗျာ"
ကျောက်ဝူ မေးလာခြင်းဖြစ်၏။
"ဟင့်အင်း၊ သိပ်မချမ်းဘူး"
ဝမ်းလျိုနျဲန်၏ ခန္ဓာထက် နွေးထွေးသော ကျောက်စိမ်းရတနာတစ်လုံး ဆင်မြန်းထားသည့်အပြင် ခံတွင်းထဲတွင်လည်း သကြားလုံးတစ်လုံး ငုံထားသည်။ ထိုသကြားလုံးထဲ ဂျင်းပါ ထည့်ထားသေးသည်မို့ အအေးဓာတ်ကို အတော်လေး ဖြေဖျောက်ပေးနိုင်၏။
ထိုစဥ် မလှမ်းမကမ်းတွင် လူသံကြားလိုက်ရရာ လုကျွေးက "သတိထား" ဟူ၍ အချက်ပေးလာသည်။ ထိုအခါ အဖွဲ့သားတိုင်းမှာ တောကြောင်များပမာ အမှောင်ထုထဲ ပုန်းကွယ်ခိုဝပ်လိုက်ကြ၏။
ဝမ်းလျိုနျဲန်မှာ ကြီးမားသော ကျောက်တုံးတစ်ခုနောက်တွင် ဝပ်နေလိုက်သည်။ စိတ်ထဲတွင်လည်း အနည်းငယ် ရှုပ်ထွေးလှုပ်ခတ်နေ၏။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ညခင်းထောက်လှမ်းရေးခရီး မဟုတ်ပါလား။
ထိုစဥ် ကျောက်ယွဲ့က လက်လှမ်းလာကာ သူ့ခေါင်းအား အောက်သို့ နှိမ့်ချလိုက်၏။
ဝမ်းလျိုနျဲန် - "...."
တောထဲမှ ခြေသံမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာကာ လူခုနစ်ယောက်ရှစ်ယောက်ခန့်က မြင်ကွင်းထဲ ပေါ်ထွက်လာ၏။ လက်ထဲတွင်လည်း ရစ်ငှက်များ ကိုင်ထားပေရာ ယခုမှတင် အမဲလိုက်ရာမှ ပြန်လာသည့်သူများ ဖြစ်ရပေမည်။ ဝမ်းလျိုနျဲန်တို့အဖွဲ့လည်း ထိုသူတို့နောက်မှ တိတ်တဆိတ်လိုက်လာခဲ့ကာ ကျောက်ဆောင်ထူပေါသော လွင်တီးခေါင်ပြင်တစ်ကွေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုအကွေ့သို့ ရောက်သွားသောအခါ ခြံစည်းရိုးအစပ်၌ စိုက်ထားသည့် ခပ်စုတ်စုတ် အလံတစ်ခုကို တွေ့လိုက္ရ၏။ ထိုအပေါ်တွင် "ကံကောင်းကြွယ်ဝခြင်း"ဟူသော ဝေါဟာရအား ရေးထားကြောင်းတွေ့ရ၏။