အပိုင်း - ၁၄၁ ( နေ့ကောင်းရက်မြတ် အရင်ရွေးရမှာလေ )
( နားလည်မှုလွဲနေတာ ရှိလား )
ထိုစကားအဆုံးဝယ် အားလုံးမှာ တိတ်ဆိတ်သွားလေသည်။
ယဲ့ကျင်မှာ ဤတိုင်းပြည်ထဲက အတော်ဆုံးသော ဆေးဆရာ ဖြစ်နေသည်မို့ သူ၏သုံးသပ်ချက်အား သံသယရှိစရာပင် မလိုပါ။ သို့သော် သိုင်းသမားတစ်ယောက်အဖို့ ထိုစကားမှာ အရက်စက်ဆုံးသော စကား ဖြစ်နေသည်ပင်။
ရှန့်ယွင်ကျယ်မှ မေးလာ၏။
"သုံးလို့မရဘူးဆိုတာက ဖြစ်နိုင်ခြေပဲ ရှိသေးတာမလား။ တထစ်ချဖြစ်မယ်လို့ မဆိုလိုဘူးလေ"
ယဲ့ကျင်ကမူ ခေါင်းခါလိုက်သည်။
"ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာပါတယ်"
ရှန်ချန်းဖုန်းမှလည်း မှတ်ချက်ဆိုလာ၏။
"ဟိုင်ယင်းဘက်က ဒီကိစ္စကို တမင်ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ ကျောက်သားနံရံပေါ် ယမ်းမှုန့်ရှိတာ ချင်ချိုတစ်ယောက်တည်းပဲ သိတဲ့ပုံ"
"သူ သိတာမသိတာ အရေးမကြီးဘူး။ ခုနေ ဦးစားအပေးသင့်ဆုံးက ခေါင်းဆောင်ကျောက်ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာပဲ"
မုချင်းရှန်းမှ ဆိုလာ၏။
"ဒုခေါင်းဆောင်လုနဲ့ အရင်တိုင်ပင်ကြည့်လိုက်မလားဟင်။ ခေါင်းဆောင်မနိုးခင် သူနဲ့အချိန်မီ ဆွေးနွေးကြရအောင်"
လုကျွေးကမူ အရင်နေ့တုန်းက ဆွေမျိုးမိတ်သင်္ဂဟများထံ အလည်သွားခဲ့သော ဝမ်းလျိုနျဲန်၏မိဘနှစ်ပါးအား သတင်းသွားပြောပြရန် ဟန်မြစ်နားရှိ မြို့အစွန်ပိုင်းသို့ ထွက်သွားသည်။
ရှန့်ယွင်ကျယ်မှ ဆိုလာ၏။
"ကျွန်တော်မျိုး သူ့ဆီ စာရေးပြီး ပို့ခိုင်းလိုက်ပါဦးမယ်"
ချူယွမ်မှ ခေါင်းညိတ်ပြလိုက်၏။
မုချင်းရှန်းမှ ထပ်မေးလာ၏။
"အမတ်မင်း ဘယ်တော့လောက်နိုးမလဲ"
ယဲ့ကျင်မှ ဖြေသည်။
"နောက်သုံးနာရီ လေးနာရီလောက်ပါ။ ခေါင်းဆောင်ေကျာက်ကတော့ အဲ့လိုမှန်းဆကြည့်ဖို့ေတာင် ခက်ပါတယ်"