အပိုင်း - ၅၇ ( အမတ်မင်းဝမ်းက အရမ်းအားနည်းတယ် )( ဒီကိစ္စကို မုစံအိမ်ဆီပဲ လွှဲအပ်လိုက်ပါမယ် )
တစ်ဖက်တွင် ကျောက်ယွဲ့နှင့် လုကျွေးလည်း ကျားခေါင်းဂိုဏ်းအဝင်လမ်းသို့ ရောက်နေြပီဖြစ်၏။ လမ်းခုလတ်တွင် ခေါင်းပြတ်အလောင်းတစ်ခုနှင့် တိုးသော်ငြား ထိုအလောင်းက ယမန်နေ့ ဝမ်းလျိုနျဲန်အား ရန်မူခဲ့သည့် ဖုတ်ကောင်သာ ဖြစ်သည်။ ခေါင်းပြတ်သွားသော်လည်း ထိုအလောင်းမှာ လက်တစ်ဖက်ဖြင့်ပင် အင်မတန် နှေးကွေးလှသောနှုန်းဖြင့် လှုပ်ရှားသွားလာခဲ့သည်။ ၎င်း၏ခြေထောက်ကမူ အရိုးအဖြစ်သာ ကြွင်းကျန်နေပြီဖြစ်ကာ အဝတ်များသည်လည်း ညစ်ပေရိရွဲနေပြီဖြစ်၏။
လုကျွေးက မှတ်ချက်ဆိုလာသည်။
"ခြေတစ်ရာကူလို့ ခေါ်တာလည်း မဆန်းပါဘူး။ သေပြီးသားလူတောင် မသေသေးသလိုပဲ"
"တောင်ပေါ်မှာပဲ ရှိနေလို့ တော်သေးတယ်။ မြို့သူမြို့သားတွေပါ လာတွေ့ရင် မြို့ထဲမှာအုတ်အုတ်ကြွက်ကြွက် ညံသွားမှာပဲ"
ကျောက်ယွဲ့က ဓားအား ဆွဲထုတ်လိုက်ကာ ထိုဖုတ်ကောင်၏ နှလုံးအိမ်အား ထိုးဖောက်ဖျက်ဆီးလိုက်၏။ ဖုတ်ကောင်ရိုင်းမှာ နှစ်ကြိမ်မျှ ဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် မြေပေါ်သို့ လဲကျသွားကာ မကောင်းသောအနံ့အသက်များ ထုတ်လွှတ်လာပေသည်။
"ထပ်ထလာလောက်လား"
"ဟင့်အင်း၊ တခြားအကောင်တွေနဲ့ တိုးဦးမလားတော့ မသိဘူး။ သတိထားဦး"
လုကျွေးလည်း ခေါင်းညိတ်လိုက်ကာ ကျောက်ယွဲ့နှင့်အတူ ဆက်လက်လျှောက်လှမ်းလာသည်။
အရင်နှစ်ကြိမ်နှင့် မတူတော့သည်မှာ တောင်အဝင်ဝ၌ အစောင့်အကြပ် ပိုမိုထူထပ်လာပေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် လူအယောက်နှစ်ဆယ်ရှိမှန်း တွေ့နေရကာ မီးတုတ်များလည်း ထိန်လင်းစွာ ထွန်းထားသဖြင့် လူမပြောနှင့်၊ ငှက်ပင် ထိုအထဲသို့ ဝင်ရောက်မသွားနိုင်ပါချေ။
"တစ်ခုခု ဖြစ်လို့များလား"
ဘာကြောင့်များ ဤမျှထိ လုံခြုံရေးတင်းကျပ်နေရပါသနည်း။