အပိုင်း - ၂၁ { ကိုယ့်အကျိုးအတွက် ကိုယ် လုပ်ကြတာချည်းပဲ }
( ကျွန်တော်တို့ကြားမှာ ဘာကျေးဇူးကြွေးမှ တင်ကျန်စရာမရှိဘူး)
တစ်ညတာ အနားယူပြီးသွားသောအခါ ဝမ်းလျိုနျဲန်၏ခြေကျင်းဝတ်ရှိ ဖူးရောင်နေမှုသောဒဏ်ရာမှာ အတော်သက်သာလျော့ပါးသွားသည်။ ထို့ကြောင့် နေပူစာလှုံဖို့ရန် ခြံဝန်းလေးထဲ ထိုင်နေခဲ့၏။ သူ အအေးပတ်သွားမည်ကိုစိုးသဖြင့် ဟွားထန်က အခန်းထဲမှ စောင်ကြီးတစ်ထည် သယ်ယူလာလိုက်ကာ ဝမ်းလျိုနျဲန်အား ငြင်းခွင့်ပင်မပြုဘဲ မြဲမြံလုံခြုံစွာ လွှမ်းခြုံရစ်ပတ်ပေးထားလိုက်သည်။ လေပြည်သည်လည်း သန့်ရှင်းလန်းဆန်းနေကာ နေခြည်ကလည်း နွေးထွေးလှ၏၊ အမတ်မင်းဝမ်းမှာ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အငြိမ့်သားလှုပ်ယမ်းနေကာ အတော်လေးဇိမ်ကျနေသည်။
ထိုစဥ် ထိုခြံဝန်းငယ်လေးထဲသို့ ကျောက်ယွဲ့တစ်ယောက် မရည်ရွယ်ပါဘဲ ဖြတ်လျှောက်မိသွား၏။
"ခေါင်းဆောင်ကျောက်!!!!!"
ဝမ်းလျိုနျဲန်က အားပါးတရ အော်ခေါ်လိုက်သည်။
ကျောက်ယွဲ့၏ခြေလှမ်းများ တုံ့ဆိုင်းသွား၏။ အတော်လေးကြာသွားပြီးခါမှ စောင်ပုံထဲမြှုပ်နေသောလူကို ရှာ၍တွေ့တော့သည်။
ဝမ်းလျိုနျဲန်က ပင်ပန်းကြီးစွာ ထ,ထိုင်လိုက်ရကာ စားပွဲထက်ရှိ အနီရောင်သစ်သီးလေးများထည့်ထားသည့် ပန်းကန်ကို စလှမ်းယူလိုက်သည်။
"ခေါင်းဆောင်ကျောက်၊ နည်းနည်းလောက် မြည်းကြည့်ဦးမလား"
"ဟင့်အင်း"
ဝမ်းလျိုနျဲန်က ထရပ်တော့မည့်ဟန် ပြင်လိုက်သည်။ သို့သော် ကံဆိုးစွာပင် ၊ သူ့ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများ အထပ်ထပ်ရစ်ပတ်ထားသည့်အပြင် ခြေထောက်ကပါ သိပ်မကောင်းသေးသောကြောင့် သူ ထရပ်ရန်ကြိုးစားလိုက်သောအခါ အင်မတန်မှ သနားစရာကောင်းသည့်မြင်ကွင်းမျိုး ဖြစ်သွားစေသည်။
ကျောက်ယွဲ့လည်း မတတ်သာတော့ဘဲ သူ့ဆီလျှောက်လှမ်းသွားကာ ဆွဲထူပေးလိုက်ရလေသည်။