အပိုင်း - ၅၁ ( လူအိုကြီးရဲ့ မြင်းတွေ ပျောက်သွားတယ်၊ ကံကောင်းခြင်းလေလား ကံဆိုးလေလားတော့ မပြောတတ် ){ မင်းကို ရေချိုးပေးမလို့လေ }
အစားအသောက်များအား အဝစားသောက်ပြီးသည့်နောက် ဝမ်းလျိုနျဲန်လည်း ခွန်အားများ ပြန်ပြည့်ဖိုးလာသည်။ သို့သော် ခေါင်းထဲ မူးနောက်နောက်ဖြစ်နေဆဲဖြစ်ရ ယခင်ကထက်တော့ စကားအပြောအဆို နှေး၏။ ခဏမျှ အပြောရပ်လိုက်၊ တွေးတောလိုက် လုပ်နေသည်မှာ မြင်ရသူအဖို့ ရင်နာရသည်။
ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏ အတွင်းဝတ်ရုံအား ချွတ်ပေးလိုက်ကာ ပတ်တီးကိုလည်း ဂရုတစိုက် ဖြည်ပေးလိုက်သည်။
ဒဏ်ရာကြီးမှာ ကြောက်လန်စရာ ကောင်းနေဆဲ။ ကြီးမားသောအမည်းကွက်များက ခုထက်ထိတိုင် မှိန်ဖျော့မသွားသေးပါ။ ဝမ်းလျိုနျဲန်က တစ်ချက်မျှသာ ကြည့်ပြီးနောက် တစ်ဖက်သို့ ပြန်လှည့်သွားသည်။ ခြေထောက်များကလည်း ချည့်နဲ့နုံးခွေနေဆဲဖြစ်၏။
"နာနေသေးလား"
"ရပါတယ်၊ နည်းနည်းလောက် ထုံနေတာတော့ ရှိတယ်။ သိပ်ပြီး မနာတော့ဘူး"
"ဆေးက နည်းနည်းတော့စပ်မယ်၊ တောင့်ထားနော်"
"အင်း"
ကျောက်ယွဲ့လည်း ဆေးမှုန့်များအား တတ်နိုင်သလောက် အညင်သာဆုံး ထည့်ပေးလိုက်သည်။ သို့သော် ဝမ်းလျိုနျဲန်က "အား!!"ခနဲ အော်လာ၏။
"အရမ်းနာလား"
ကျောက်ယွဲ့မေးလာပြၽသည်။ ဝမ်းလျိုနျဲန်၏ မျက်နှာကမူ သွေးမရှိတော့သလို ဖြူဆုတ်နေပြီဖြစ်၏။
"ဟွာ့ကူဖန်အရိုးမှုန့်လား"
ကျောက်ယွဲ့ မျက်မှောင်ကြုတ်သွားသည်။
"ဘယ်က ပေါက်တတ်ကရတွေ သွားကြားလာတာတုန်း"
"အရိပ်တပ်သားတွေဆီက ကြားလာတာ"
ဝမ်းလျိုနျဲန်က ရိုးသားစွာ ဖြေဆိုလာသည်။
"ချင်းထန်ဆေးမှုန့်ပါ၊ ဒဏ်ရာကုဖို့။ သည်းခံပြီး တောင့်ထားပေး"
"အရင်တစ်ခါတုန်းက ဘာလို့ ဒီလောက်ထိ မနာတာလဲ"
"အဲ့တုန်းက မင်း သတိလစ်နေလို့လေ"