အပိုင်း - ၇၆ ( မိန်းမလှမာယာ )( သူတို့ရဲ့ပန်းတိုင်က ဘာလဲ)
ထိုနေ့တွင်ပင် အရိပ်တပ်သားများက "အမတ်မင်းနဲ့ ရှောင်ဝူတို့ အပြင်သွားရင်း ဓားပြတွေရဲ့လက်ကနေလွတ်လာတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်လာတယ်"ဆိုသည့်သတင်းကို ကြားသွားကြကာ လူနာလာကြည့်ရန် ရောက်လာကြသည်။ အတော်လေးကိုပင် စိတ်အားထက်သန်နေကြ၏။
အဝါရောင်ဝတ်ရုံဝတ်ထားသည့် မိန်းမပျိုအား ပြုစုပေးရန် တာဝန်ယူထားသည့် အဒေါ်ကြီးမှာ ရေနွေးဇလုံကို ကိုင်ထားလျက်သားနှင့်မှ အပြင်ထွက်လာသည်။ တက်ကြွမြူးတူးစွာ ပြေးလွှားလာသော အရိပ်တပ်သားများကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြစ်သွားလေသည်။
"အိုက်ယား၊ ယောက်ျားအုပ်လိုက်ကြီးက ဒီမှာဘာလာလုပ်ကြတာလဲ။ အပြင် မြန်မြန်ထွက်သွားစမ်း"
ထိုမိန်းမပျိုမှာ ရပ်ဝေးမှလာသူဖြစ်သော်ငြား ဤနေရာတွင် ခေတ္တယာယီနေထိုင်မည်မို့ တွေ့ကရာလူ လာဝင်ကြည့်၍ မသင့်တော်ပါချေ။
ကျွန်တော်တို့လည်း စိတ်ပူကြောင်း လာပြသချင်လို့ပဲဟာ။
တကယ်နှင်ထုတ်ခံရသောအခါ အရိပ်တပ်သားမှာ ရင်ထဲအနည်းငယ်နာကျင်သွားကာ လာရာလမ်းအတိုင်း ပြန်ထွက်သွား၏။
သို့သော် ကံကောင်းထောက်မစွာပင် သူတို့အားလုံး မနက်စာစားပြီးသောအခါ ကယ်တင်ခံရသောမိန်းမပျိုလေး သတိပြန်လည်လာပြီဖြစ်ကြောင်း အမှုထမ်းများက လာရောက်အကြောင်းကြား၏။ ဝမ်းလျိုနျဲန်လည်း မတ်တတ်ရပ်လိုက်သည်။
"သွားကြစို့၊ တစ်ချက်လောက် သွားကြည့်ကြည့်ရအောင်"
"ကျွန်မလည်း လိုက်မယ်ရှင်"
ဟွားထန်လည်း ဆိုလာသည်။ မည်သို့ပင်ဆိုစေ ၊ တစ်ဖက်လူက ဣတ္ထိယမိန်းမသားပေမို့ သူမပါလိုက်သွားလျှင် ပိုကောင်းမည်။
သို့နှင့် ကျန်သူများလည်း အလိုအလျောက် လိုက်လာကြရာ လူအုပ်ကြီးမှာ အလွန်ပင် အရှိန်အဝါကြီးမားကာ ရှိန်စရာကောင်းလှပေတည့်။
ခြံဝန်းငယ်ထဲ ဝင်လာသည်နှင့် အရိပ်တပ်သားများက အဒေါ်ကြီးအား စိတ်အားထက်သန်စွာ ကြည့်လာကြသည်။ လုံးဝကိုပင် အရှုံးမပေးသည့်မျက်ဝန်းမျိုးဖြင့် ဖြစ်၏။