အပိုင်း - ၁၃၁ ( သုဿာန်ကြီးထဲရှိ ပြောင်းလဲမှု)
( နှံကောင်က ပုစဉ်းရင်ကွဲကိုဖမ်းဖို့ပဲ အာရုံရှိနေတယ်။ သူ့ဆို့နောက်မှာတော့ ရွှေပြည်စိုးငှက် ရှိနေလေရဲ့)
T/n : ဥပမာလေးအတိုင်းပဲ။ အဖြစ်အပျက်တစ်ခုမှာ တစ်ယောက်ရဲ့နောက်ကိုတစ်ယောက် ဆင့်ကဲဆင့်ကဲနောက်ယောင်ခံနေတာမျိုးပ့။
တောင်တက်လမ်းက ကြမ်းတမ်းသော်ငြား ရှန့်ယွင်ကျယ်၏မြင်းက သဲကန္တာရမှလာသော မြင်းကောင်းမြင်းသန့်ဖြစ်ရာ အညတရမြင်းများထက် ခွန်အားပိုသန်သည်။ မုချင်းရှန်းမှာ ရင်ခွင်ထဲ ခိုင်မြဲနေအောင် တင်းကျပ်စွာ ပွေ့ဖက်ခံထားရာ နားရွက်နား လေအလျဉ်တိုးဖြတ်သွားသည်ကိုသာ သိနေ၏။ သို့နှင့် တစ်ရှီချန်(နှစ်နာရီ)အကြာ ရှန့်ယွင်ကျယ်က မြင်းကိုရပ်တန့်ကာ လူကို အောက်ချပေးလာသည်။
"ခဏလောက် နားကြစို့"
မုချင်းရှန်းက ဘေးပတ်ပတ်လည်အားကြည့်ကာ မှတ်ချက်ဆိုလာသည်။
"တောင်ပေါ်မှာပဲ ရှိနေလောက်တယ်မလား။ ဒီနေရာက ပျောက်နေတဲ့လူကို လိုက်ရှာဖို့ သိပ်မလွယ်လောက်ဘူးထင်တယ်"
"တောင်ပေါ်မှာပဲ ပုန်းနေသေးရင်တော့ ရှာရမခက်ဘူး။ ဒါပေမယ့် လမ်းပေါ်က ရထားဘီးရာအရ တစ်ဖက်ရန်သူက တောင်ပေါ်ကနေ မြန်နိုင်သမျှအမြန်ဆုံး ဆင်းသွားချင်တဲ့ပုံပေါ်တယ်။ ပြီးတော့ တောင်အဆင်းလမ်းကလည်းတစ်ခုတည်းပဲမို့ အမီလိုက်နိုင်သရွေ့ ရှာတွေ့မှာပဲ"
"မိန်းမပျိုဖန်းကျန့်ကို ကယ်နိုင်ရင် ကောင်းမှာ"
"အင်း၊ တစ်ဖက်ရန်သူက သူ့ကိုမသတ်သေးမှတော့ အသုံးဝင်တဲ့နေရာ ရှိသေးလို့ပဲ။ ဒါကြောင့် မင်း သိပ်ပြီး မစိုးရိမ်လိုက်ပါနဲ့"
ရှန့်ယွင်ကျယ်က မုချင်းရှန်းအား သစ်တစ်ပင်အောက် ခေါ်လာထိုင်လိုက်ကာ ဆက်မေးလာ၏။
"ပြောပါဦး။ တကယ်လို့များ ဒီလိုအဖြစ်သာပေါ်မလာရင် ကိုယ့်မွေးနေ့ကို မင်း ဘယ်လိုကျင်းပပေးဖို့ စီစဉ်ထားလဲ"
"အင်း~"
မုချင်းရှန်းက သံရှည်ဆွဲကာ ခေတ္တတွေးတောလာ၏။