အပိုင်း - ၁၆ ( ခင်ဗျား တောင်အောက်ဆင်းမလာဘူးဆိုရင် ကျွန်တော်ပဲ တောင်ပေါ်တက်လာလိုက်မယ် )
{ဘာပဲဖြစ်နေနေ၊ ကျွန်တော်တို့က တွေ့ကိုတွေ့ရမှာပဲ }
ဝမ်းလျိုနျဲန်မှာ မုဝန်လေနှင့် မုဝန့်ရှုန်တို့ကို မြင်ချင်စမ်းလှသည်။ သေချာပေါက် အထုအထောင်းခံရတော့မည်မှာ သေချာပေ၏။
"ဘာလဲ၊ ရှောင်ဝူ ဒီအကြောင်းပြောတာ တစ်ခါမှမကြားဖူးဘူး"
ကျွေ့ယင်တပ်သားများက အံ့ဩသွားကာ သိချင်လာကြသည်။
"မနှစ်တုန်းက ကိစ္စတွေပါ"
ကျောက်ဝူက ရှင်းပြလာ၏။
"မနှစ်က ကျွန်တော်တို့မိသားစုဆီ အလည်သွားဖို့ ယွင်နန်ကိုသွားရင်းနဲ့မှ မုညီနောင်နဲ့တွေ့ခဲ့တာ။ နောင်တော်ကြီးက အဲ့အချိန် စားသောက်ဧည့်ခံပွဲကျင်းပပြီး မုမျိုးရိုးစံအိမ်ကိုရော တခြားဂိုဏ်းတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်"
ကျောက်ဝူက အနောက်တောင်တစ်ခွင်အား အုပ်စိုးရသော ရှီးနန်ဘုရင်သွမ့်ပိုင်ယွဲ့၏ ညီဖြစ်သည်။ သို့သော် တိုင်းပြည်ရေးရာ နိုင်ငံရေးကိစ္စများအား လုံးဝစိတ်ဝင်စားခြင်းမရှိဘဲ စီချွမ်းရှိ ကျွေ့ယင်နန်းဆောင်၌သာ မှီတင်းနေထိုင်ခဲ့ကာ တစ်နှစ်တွင် နှစ်ကြိမ်သာ အိမ်ပြန်တတ်လေ့ရှိသည်။ သွမ့်ပိုင်ယွဲ့က ညီဖြစ်သူအား လွန်စွာမှ ဂရုတစိုက်ရှိကာ သူ့ဘေးနားတွင်ပြန်လာနေစေရန် ကြိမ်ဖန်များစွာ အားထုတ်ကြိုးပမ်းခဲ့သော်ငြား အမြဲတမ်းအငြင်းခံခဲ့ရသည်။
မုဝန်လေနှင့် မုဝန့်ရှုန်မှာ သိုင်းလောက၏ မြေခွေးအိုကြီးများဖြစ်သည်နှင့်အညီ၊ သွမ့်ပိုင်ယွဲ့အဖို့ ကျောက်ဝူက မည်မျှပင်အရေးပါမှန်း တွေ့မြင်နိုင်သည်ပင်။ ထို့ကြောင့် လူအားလုံးက စားသောက်မူးရူးနေချိန်တွင် ထိုနှစ်ယောက်က အခွင့်ကောင်းယူကာ သူတို့စံအိမ်တွင် လက်မထပ်ရသေးသော နှမငယ်လေးတစ်ယောက်ရှိကြောင်း၊ သာလွန်ထူးကဲသော အလှတရားကို ပိုင်ဆိုင်ထားသူလေးဖြစ်ကြောင်း၊ ကျောက်ဝူကို အမြဲတစေ သဘောကျနှစ်ခြိုက်ခဲ့ကြောင်း ပြောလာကြသည်။