အပိုင်း - ၁၃၃ ( အိုက်ချင်း ၊ အဲ့ဟာကို စားလို့မရဘူးနော် )
(ကျွန်တော်မျိုးလည်း မစားချင်ပါဘူးဘုရား)
သို့နှင့် ဝမ်းလျိုနျဲန်တစ်ယောက် အတွေးထဲမြောနေစဉ် ကိုယ်ရေးအရာရှိမှ တွေ့ခွင့်တောင်းေနကြောင်း အိမ်တော်ထိန်းမှ လာရောက်အကြောင်းကြား၏။
"ပြန်လာကြပြီလား"
ဝမ်းလျိုနျဲန် လွန်စွာပျော်ရွှင်သွား၏။ အစက မိမိကိုယ်တိုင် ဖန်းကျားမြို့ထိလိုက်သွားပြီး သတင်းစောင့်စားရန် ကြံရွယ်နေရာ ယခုကတည်းက ပြန်ရောက်လာပြီဆိုမှတော့ တစ်ခုခုများ ထူးလေပြီလား။
"အမတ်မင်း"
မုချင်းရှန်းက လက်ဖက်ရည်သောက်နေလျက်ရှိ၏။
"သခင်ကြီးရှန့်ရော"
ဝမ်းလျိုနျဲန် မေးလာ၏။
"မြို့စားမင်းဖန်းရဲ့ရုံးကို သွားနေတာပါ။ ကျွန်တော်ကတော့ အမတ်မင်းဆီ အရင်လာအကြောင်းကြားတာပါ"
မုချင်းရှန်းက ဆက်ဆို၏။
"မိန်းမပျိုဖန်းကျန့်ကို ပြန်ပေးဆွဲသွားတဲ့ လူဆိုးနှစ်ယောက်ကို ဖမ်းမိပြီးပါပြီ။ သူတို့ကိုပါ အပါခေါ်လာခဲ့ပါတယ်ခင်ဗျာ"
"အို"
ထိုစကားကိုကြားတော့ ဝမ်းလျိုနျဲန်က အမြန်မေးမြန်းလာ၏။
"အဲ့လူတွေက ဘယ်သူတွေတဲ့လဲ။ ဆိုင်ရှင်ယန်ရဲ့ဇနီးကရော ဘေးကင်းရဲ့လား"
"ဟုတ်၊ ဘာဒဏ်ရာမှတော့ မရပေမယ့် ထိတ်လန့်ေနဆဲပါ။ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင်လို့ ဆိုင်ရှင်ယန်တို့ဇနီးမောင်နှံကို တခြားနေရာဆီ တိတ်တဆိတ်ရွှေ့ပြောင်းထားပါတယ်။ လူဆိုးတွေကတော့ ချင်ချိုရဲ့လူ ဖြစ်ဟန်မပေါ်ကြောင်းပါ"
"ချင်ချိုရဲ့လူတွေ မဟုတ်ဘူး? ဒါဆို - "
ဝမ်းလျိုနျဲန် မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
"မှန်းဆချက်တစ်ခုရယ်ပါခင်ဗျာ။ သူတို့အချင်းချင်း စကားပြောနေကြတာကို မိန်းမပျိုဖန်းကျန့် ကြားလိုက်ရသလောက်၊ ဟိုင်လုံဝမ် ချူဟိန်နဲ့ ပတ်သက်နေတယ်လို့ ထင်ပါတယ်တဲ့"