အပိုင်း - ၁၀၀ ( ဒါက ဆုံးဖြတ်လိုက်ပြီလား )
(ကျွန်တော့်ယောက်ျားနဲ့တောင် မတိုင်ပင်ရသေးဘူး )
နောက်နေ့မနက်စောစောတွင် အဖွဲ့သားအားလုံးက ရှေ့ခန်းမသို့သွားပြီး မနက်စာစားနေကြသည်။ သို့သော် အတန်ကြာသည့်အထိ ကျောက်ယွဲ့နှင့် ဝမ်းလျိုနျဲန်ကို မတွေ့ရသေးသဖြင့် ရှန့်ယွင်ကျယ်က လူလွှတ်ပြီး အကျိုးအကြောင်းသွားမေးစေရန် ပြင်နေစဥ် လုကျွေးက "အဟမ်း၊ အဟမ်း " နှစ်ခါလုပ်လာသည်။
"ရပါတယ်၊ စောင့်ဖို့ မလိုပါဘူးဗျာ"
မနေ့ညက တိုက်ပွဲလေးတွေ ကြမ်းထားတာမို့ မွန်းလွဲရောက်ရင်တောင် မနိုးသေးမှာ စိုးမိပါတယ်။
ရှန့်ယွင်ကျယ်လည်း ချက်ချင်းနားလည်သွားသည်။
မုချင်းရှန်းကမူ ဟင်းရွက်များအား ဂရုတစိုက် ယူလိုက်ကာ ပေါက်စီကိုလည်း ကိုက်စားရင်း ခိုင်မာသောကောက်ချက်တစ်ခု ရလိုက်သည်။
"မနေ့ညက အမတ်မင်း ညစျေးတန်းမှာ စျေးဝယ်ထွက်တာ ကြာသွားလို့ဖြစ်မယ်"
ပြန်လာတာနဲ့ အိပ်ပြီး ခုထက်ထိ မနိုးသေး၊ မနက်စာ လာမစားသေးတာ ထောက်ရင် တကယ် ပင်ပန်းလို့နေမှာ။
"အဟွတ်"
လုကျွေးက ခေါက်ဆွဲကိုသာ စိတ်အေးလက်အေး ဆက်စားနေလိုက်သည်။
အမတ်မင်းက ဒီကိုယ်ရေးအရာရှိကို ရွေးခဲ့တာ တော်တော်လေးရိုးတဲ့လူမှန်း သိလို့ဖြစ်မယ်။
.
.
.မိုးရွာနေသည်မို့ နွေလယ်ခေါင်ဖြစ်သည့်တို်င် မနက်ခင်းပိုင်း အေးမြနေသည်။ ကျောက်ယွဲ့က စောင်ကို အသာအယာမလိုက်ကာ ဝမ်းလျိုနျဲန်၏လက်မောင်းအား ထပ်မံခြုံလွှမ်းပေးလာသည်။ ဝမ်းလျိုနျဲန်က အိပ်မှုန်စုံမွှား မျက်ဝန်းလေးများ ပွင့်လာကာ ခေတ္တမျှ ကြောင်သွားသည်။
"မင်္ဂလာနံနက်ခင်းပါ"
"အင်း၊ မင်္ဂလာနံနက်ခင်းပါ"
ဝမ်းလျိုနျဲန်၏ အိပ်ရာနိုးခါစအချိန်မှာ ကျောက်ယွဲ့သဘောအကျဆုံးအချိန်များ ဖြစ်ပေသည်။ ပုံမှန်အချိန်များတွင် တော်ရုံတွေ့ရနေကျပုံစံ ဖြစ်မနေကာ ပါးပြင်မို့မု့ိသည်လည်း ရဲရဲလေး ဖြစ်နေတတ်ပေ၏။