အပိုင်း - ၈၈ { ချန်းမန်စန်းက ဘယ်သူကြီးလဲ }( ဒီညီငယ်က ခင်ဗျားအတွက် လက်စားချေပေးနိုင်ခဲ့ပါပြီ )
အိပ်ရာမှနိုးထလာသောအခါ စဥ်းစားရခက်သောကိစ္စအချို့မှာ ဆက်စပ်တွေးတောရ ပိုလွယ်လာ၏။ သူ့စိတ်ထဲ တွေဝေထွေပြားမှုများ ရှိနေသော်ငြား ယနေ့မနက်နိုးလာသောအခါ သူ့ဘေးနားရှိလူအား ကြည့်လိုက်ရုံမျှနှင့် မည်သည့်အရာကမှ ခက်ခဲပင်ပန်းမနေလွန်းပါ ဝမ်းလျိုနျဲန် နားလည်လိုက်၏။
ထိုသူနှင့် ယွင်သွမ့်ဟွန်တို့ တကယ် ပတ်သက်နေလျှင်လည်း ဘာဖြစ်မည်နည်း။ ဘဝသက်တမ်းတစ်ခုတွင် မည်သူကများ အရာရာတိုင်းအား အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင်ပါမည်နည်း။ အနည်းဆုံးအားဖြင့် မိဘဆွေမျိုးများ၊ မိတ်ဆွေရောင်းရင်းများနှင့် ချစ်ရသူသာ မိမိတို့အနားမှာ ရှိနေပါလျှင် ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်မည်မို့ ဘာကိုများ စိုးရိမ်ကြောင့်ကြနေရမည်နည်း။
အဓိကအချက်အား ရှင်းလင်းပြတ်သားစွာ သဘောပေါက်ပြီးသည့်နောက် ဝမ်းလျိုနျဲန်က ကျောက်ယွဲ့ရင်ခွင်ပေါ် လှဲကာ ခေါင်းလေးဖြင့် တိုးဝှေ့လာလိုက်သည်။
ကျောက်ယွဲ့ကမူ မျက်လုံးပင် ပွင့်မလာပါဘဲ အပေါ်ရှိလူကိုသာ ပြုံးရွှင်စွာ ဖက်ထားလိုက်၏။ ထို့နောက် တစ်ဖက်သို့လှိမ့်ကာ လူကို သူ့အောက် ဖိထားလိုက်ပြီး မေးစေ့ပေါ်ရှိ နှုတ်ခမ်းမွေးတိုတိုတိတိလေးများဖြင့် ဝမ်းလျိုနျဲန်၏ မျက်နှာအား ပွတ်တိုက်လာသည်။
"ယားတယ်"
ဝမ်းလျိုနျဲန်ကမူ ရှောင်တိမ်းလာသည်။ ကျောက်ယွဲ့က သူ့ကျောပြင်အား ပွတ်သပ်ချော့မြှူလာ၏။
"ခဏလောက် ဆက်အိပ်ပါဦး။ မင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကို"
"မအိပ်တော့ဘူး။ အရေးကြီးကိစ္စ လုပ်စရာရှိတယ်"
ဝမ်းလျိုနျဲန်က အညောင်းအညာဆန့်လိုက်သည်။ ကျောက်ယွဲ့မှ မေးလာ၏။
"ကျားခေါင်းဂိုဏ်းကို ညဘက်အလစ်ဝင်တိုက်ဖို့လား"
"အင်း၊ ဒီနေ့ ဒုခေါင်းဆောင်တို့ ပြန်လာကြမှာလေ။ ကျွန်တော်တို့ဘက်မှာ ပြင်ဆင်ချိန် သုံးရက်ပဲ ရတယ်။ လမ်းခုလတ်မှာ အချိန်ကုန်မယ့်ဟာပါ ထပ်နှုတ်ရင် အမှားတစ်ခုမှမရှိအောင် ကြံရမှာ"