အပိုင်း - ၂၇ ( အမြတ်မယူရင် နှမြောစရာကြီးဖြစ်သွားမှာပေါ့ )
{ ဆန်းမန်မြို့ရဲ့ အိမ်ငှားခက နည်းနည်းတော့စျေးကြီးတယ် }
ထိုမေးခွန်းကို ဝမ်းလျိုနျဲန်မေးလာသောအခါ မုညီနောင်နှစ်ယောက်လည်း အထူးတလည် အံ့ဩမသွားပါချေ။ မည်သု့ိပင်ကြည့်လိုက်ပါစေ၊ သိုင်းလောက၏ ဂိုဏ်းဂဏတစ်ခုက အစိုးရအမှုထမ်းများအား ဓားပြများကို ချေမှုန်းရာ၌ လာရောက်ကူညီရန် လီပေါင်းများစွာရှည်ကြာသောခရီးကို နှင်လာခဲ့သည်မှာ ထူးဆန်းသောကိစ္စရပ် ဖြစ်နေသည်သာ။ ထို့အပြင် မုစံအိမ်မှာ အခြားသူများကို ကူညီပေးရာ၌ လက်မသွက်တတ်ကြ။
မုဝန်လေမှာ ထိုရှင်းပြချက်ကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
"မုစံအိမ်မှာ ရတနာသိုက်တစ်ခန်း ရှိပါတယ်၊ ဒါပေမယ့် အယုံသွင်းရလွယ်တဲ့ ကျွန်တော့်အဖေဆီကနေ ဒီရတနာတွေ လူခိုးခံလိုက်ရပါတယ်။ တရားခံဖြစ်သူကို နှစ်ပေါင်းအကြာကြီး ရှာဖွေလှန်လှောပြီးတဲ့နောက်မှာတော့ အဲ့တုန်းက လာခိုးတဲ့သူခိုးဟာ အခု ဒီဆန်းမန်တောင်တန်းပေါ်မှာ ရှိနေကြောင်း သတင်းရထားလို့ပါ"
"ဪ"
ဝမ်းလျိုနျဲန်က နားလည်သဘောပေါက်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ ဆက်မေးလာသည်။
"အဲ့သူခိုးက နာမည်ဘယ်လိုခေါ်သတဲ့လဲ"
"ကျောက်ယွဲ့ပါ"
".....ကျောက်ယွဲ့"
ဝမ်းလျိုနျဲန်က ထိုနာမည်ကို ပြန်ရေရွတ်လိုက်ကာ စိတ်ရှည်စွာ ဆက်မေးလာ၏။
"သူက ဘယ်လိုရုပ်ရည်မျိုး ရှိသတဲ့လဲ"
မုဝန်လေက ပုံတူပန်းချီတစ်ခု ထုတ်ပေးလာ၏။ အရာရာတိုင်းအား ကြိုတင်ပြင်ဆင်ထားမှန်း သိသာထင်ရှားလှပေသည်။
ထိုပုံတူပန်းချီထဲရှိ ယောက်ျားပျို၏ ရုပ်ရည်သွင်ပြင်ကို မြင်ရသောအခါ ဝမ်းလျိုနျဲန်မှာ အံ့အားသင့်သွားခဲ့သည်။
"သူတဲ့လား?"
မုညီနောင်နှစ်ယောက်မှလွဲလျှင် ထိုနေရာတွင်ရှိသော လူများမှာ မြို့စားမင်းကြီးအား လွန်စွာမှ လေးစားသွားကြသည်။