အပိုင်း - ၁၁၀ ( ဘာလို့ တွေ့တွေ့ချင်း တိုက်ခိုက်ထိုးနှက်လာတာတုန်း )( အမတ်မင်း နည်းနည်း အခက်တွေ့နေပြီ )
ဤလောကကြီးထဲဝယ် အမတ်မင်းဝမ်းအတွက် အရေးအကြီးဆုံးသောအရာ နှစ်ခုရှိသည်။ တစ်ခုက စာဖတ်ခြင်းဖြစ်ကာ ကျန်တစ်ခုကမူ စားသောက်ခြင်းဖြစ်၏။ ဟုတ်ပါသည်၊ ကျောက်ယွဲ့နှင့် တွေ့ဆုံပြီးနောက်မှာတော့ ညီတူညီမျှအရေးကြီးသော တတိယမြောက် တန်ဖိုးထားစရာ ပေါ်လာခဲ့သည်။ ဤရက်ပိုင်းတွင်မူ လုပ်ငန်းဆောင်တာများ များပြားလွန်းသည်မို့ နေ့စဥ်ဆိုသလို အေးအေးလူလူ စာဖတ်ရန်ပင် မအားလပ်တော့ပါ။ မနေ့ညကတော့ ဝူလုံလက်ဖက် သောက်ဖြစ်ခဲ့ကာ တတိယတစ်ခုကိုမူ သူ ခေတ္တမျှ နောက်ဆုတ်ထားရမည်ဖြစ်၏။ ထို့ကြောင့် အလေးထားသောအရာဟူ၍ အစားအသောက်ကသာ ခြွင်းချက်အဖြစ် ကျန်ရစ်နေရာ ထိုသူကမူ ဆေးဖက်ဝင်ဆန်ပြုတ်ကြီးကို အတင်းသောက်ခိုင်းနေ၏။ ထို့ကြောင့် ဝမ်းလျိုနျဲန်မှာ နန်းတော်ထဲရှိ အငွေ့တထောင်းထောင်းထနေသော ဟင်းပွဲများအကြောင်း တွေးမိရင်း တိတ်ဆိတ်စွာသာ တံတွေးမျိုချလိုက်သည်။ ထို့နောက် နူးညံ့သော ဝေါယာဥ်ထက် ထိုင်ရင်း အပြင်ဘက်သို့သာ ငေးကြည့်နေ၏။
"ရောက်ပါပြီ၊ အမတ်မင်း"
ရှစ်ဇီကုန်းကုန်းက အပြင်ဘက်မှနေကာ အကြောင်းကြားလာသည်။ ဝမ်းလျိုနျဲန်မှာ ဝေါယာဥ်ပေါ်မှသည် တောင့်တင်းနေသော ကိုယ်နေဟန်ထားဖြင့် မသက်မသာဖြစ်စွာ ဆင်းလာရ၏။
အမတ်မင်း ဘာဖြစ်သွားတာလဲ။
ရှစ်ဇီကုန်းကုန်းမှာ လန့်သွားပေသည်။
"အကြာကြီးထိုင်လာခဲ့တော့ ခြေထောက်တွေ ထုံကျင်နေတာပါ"
ဝမ်းလျိုနျဲန်က အချိန်မီ ဖြေရှင်းလာ၏။
ရှစ်ဇီကုန်းကုန်းက သူ့အား အမြန်တွဲကူပေးထားလိုက်သည်။
"နောက်တစ်ခါကျ ဒီထက်ပိုကြီးတဲ့ ဝေါယာဥ် သုံးစေပါမယ်ခင်ဗျာ"
ဝမ်းလျိုနျဲန်ကမူ ဝေါယာဥ်ထဲ ကုတင်ပါ ပါလာလျှင် အကောင်းဆုံးဟု တွေးနေ၏။ သို့မှသာလျှင် လမ်းတစ်လျှောက် အိပ်စက်ရင်း လိုက်ပါလာနိုင်မည်ဖြစ်၏။