အပိုင်း - ၁၉၃ ( ရေကြောင်းတိုက်ပွဲ ၊ အပိုင်း - ၃ )( နောက်ကွယ်အမှောင်ခြမ်းထဲက နတ်ဘုရားအလိုတော်ကျ)
ဧရာမလှိုင်းလုံးများက ပင်လယ်ပြင်ထက် အလုံးအရင်းနှင့် လှိမ့်တက်လာသည်။ ဆူးချွန်များတပ်ထားသည့် ပိုက်ကွန်ကြီးများအား ရေထဲပစ်ချလိုက်သောအခါ ပင်လယ်မျောက်ကြီးများမှာ အင်အားဖြင့် အတင်းရုန်းထွက်၍မရတော့ပါ။ ထိုအစား အဆိပ်လူးထားသော ဆူးချွန်များဖြင့် အထိုးခံရကာ ရုန်းရင်းဆန်ခတ်ရင်း အော်ဟစ်နေကြ၏။ ၎င်းတို့ထံမှ စီးကျလာေသာ သွေးများကြောင့်လည်း ပင််လယ်ရေမှာ သွေးနီရောင်စွန်းထင်းသွားလို့။
တာ့ချူတပ်မှာ ဆက်လက်ဆုတ်ခွာသွားကာ စစ်မြေပြင်ကို အပြီးတိုင် လက်လွှတ်လိုက်ကြသည်။ ချူယွမ်မှာမူ မျှော်စင်ပေါ်တက်ကာ ထိုဧရာမသင်္ဘောကြီးများအား ကြည့်နေလျက်။
သံပိုက်ကွန်များအား ဖျက်နိုင်သော အကောင်အချို့ရှိကာ သင်္ဘောပေါ်သို့ စိတ်ဆိုးမာန်ဆိုး ဒေါသတကြီး ကုပ်တက်လာခြင်းများရှိသော်ငြား သင်္ဘောကိုယ်ထည်၌တပ်ဆင်ထားသော သံချွန်များဖြင့် အညှာအတာမဲ့စွာ အထိုးခံနေရရာ အော်ရင်းဟစ်ရင်း ပင်လယ်ထဲကျသွားပြီး လှိုင်းလူံးများ၏ ဝါးမျိုခြင်းအား ခံလိုက်ရပေ၏။
ထို့အပြင် ပိုက်ကွန်ကိုဖောက်ကာ ခပ်စိတ်စိတ်ပစ်ခွင်းလိုက်သော မြားမိုးကြောင့် မရေမတွက်နိုင်သော ပင်လယ်မျောက်ကြီးများမှာ ရေပေါ်တွင်သာ အသေကောင်လိုက်ကြီး ပေါလောပေါသွားကြကာ ညှီစို့စို့အနံ့များ လှိုင်ထွက်လာစေပေ၏။
သို့နှင့် ဧရာမသင်္ဘောကြီးမှာ နောက်ဆုံးပိုက်ကွန်တစ်ချက် ပစ်ပြီးသည်နှင့် လက်ကျန်မျောက်ကြီးများအား အပါဆွဲခေါ်ကာ အဝေးသို့ စတင်ရွက်လွှင့်သွားသည်။ အလတ်စားသင်္ဘောများက အမြန်ပင် ထိုပိုက်ကွန်ထံ ချဉ်းကပ်လာကြကာ ထိုသတ္တဝါများအား သံလှံတံဖြင့် ထိုးစိုက်သတ်ဖြတ်လိုက်ကြ၏။
တာ့ချူတပ်မတော်လည်း တံပိုးခရာများ မှုတ်လိုက်ကာ နောက်တစ်ကျော့ ထိုးစစ်ပြန်စရန် ရှန်ချန်းဖန်းကိုယ်တိုင် ဦးဆောင်လိုက်သည်။ ပင်လယ်မျောက်ကြီး မရှိေတာ့သဖြင့် ပိုင်ဝုကျွန်းမှာ လူသူကင်းမဲ့သောကျွန်းပျက်ကြီးသာ ဖြစ်ရာ တာ့ချူတပ်သားများလည်း စိတ်အားတက်ကြွနေကြလို့။ လှုပ်ရှားမှုများကလည်း မြန်ဆန်လှကာ ရန်သူ့စခန်းသို့ အမြန်ထိုးဖောက်ကြသည်။ ရန်သူစစ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် အညံ့ခံကာ အသက်ချမ်းသာေပးပါရန် အသနားခံလာကြ၏။