[ ဓားပြတွေနှိမ်နင်းတဲ့နေရာမှာ ငါ မင်းကိုကူညီပေးမယ် ]
[ မင်းသာ ပါးစပ်မဖွာရင် အကုန်လုံးအဆင်ပြေတယ် ]
ဆယ်မိနစ်ခန့်ကုန်လွန်သွားသော် မုချင်းရှန်းက ဘေးအိမ်တစ်ဝိုက်တွင်နေသည့် ပန်းချီဆရာတစ်ယောက်ကို ခေါ်ဆောင်ကာ ရုံးသို့ ပြန်ရောက်လာ၏။ ဝမ်းလျိုနျဲန်အတွက်တော့ ထိုသူက ပန်းချီဆရာတစ်ယောက်နှင့်မတူ၊ ကြံ့ခိုင်ထွားကြိုင်းသောခန္ဓာကိုယ်မှာ သိုင်းပညာရှင်တစ်ဦးနှင့်ပင် တူနေ၏။
ထိုသူက ချောင်ဒိုက်ဟု အမည်ရှိကာ ၊ မင်တုံးကိုသွေးလိုက်ပြီးသည့်နောက် ဝမ်းလျိုနျဲန်အား မေးမြန်းလာသည်။
"သခင်ကြီးက ဘာပုံဆွဲစေချင်လို့လဲခင်ဗျာ"
ဝမ်းလျိုနျဲန်က သူ့ရှေ့က ထိုင်ခုံပေါ် ထိုင်လိုက်ကာ -
"ပန်ကွမ်း သူ့ရဲ့ပုံစံကို ပြောပြပေးမယ်၊ မင်းသာ လိုက်ဆွဲပေးချေ"
ချောင်ဒိုက်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ၏ ဝံပုလွေမွေးစုတ်တံကို မင်အပိုပါမလာစေရန် အနည်းငယ်ပြန်သုတ်လိုက်ကာ အဆင်သင့်ဖြစ်သွားခါမှ -
"သခင်ကြီး၊ အမိန့်ရှိလှည့်ပါ"
ဝမ်းလျိုနျဲန်က ကျောက်ယွဲ့၏ ရုပ်သွင်ကို စိတ်ကူးထဲ ပြန်လည်ပုံဖော်ကြည့်လိုက်သည်။ထို့နောက် ရုပ်သွင်လက္ခဏာတစ်ခုချင်းစီကို ပန်းချီဆရာအား အသေးစိတ်ကျကျ တစ်ခုချင်းစီ ပြောပြလိုက်သည်။
သို့နှင့် သူတို့နှစ်ယောက်စလုံးမှာ အင်မတန်မှ စိတ်ရှည်ကြကာ ဂရုတစိုက် ကြိုးပမ်းအားထုတ်နေကြ၏၊ အမှားအယွင်းအနည်းငယ်မျှ ရှိလာလျှင်တောင် ဆွဲလက်စပုံကြမ်းကို ချက်ချင်းလုံးချေပစ်ကာ အသစ်တဖန် ပြန်လည်ရေးဆွဲကြလေရာ ပုံတူပန်းချီကြီး ပြီးမြောက်သွားဖို့ လေးနာရီပင် အချိန်ကုန်သွားလေ၏။
"ဒီလူကိုလိုက်ရှာဖို့ သခင်ကြီးက ပုံတူတွေ လိုက်ကပ်ခိုင်းမလို့လား"
ချောင်ဒိုက်က သူ့လက်ကောက်ဝတ်ကို အညောင်းအညာဖြေလိုက်ရင်း လွှတ်ခနဲ မေးမိသွားသည်။