ဗလာကျင်းနေသော ခန်းမတစ်ခုထဲဝယ် အစိမ်းရောင်ဝတ်စုံဝတ်ထားသော လုလင်ပျိုတစ်ဦးက လက်ထဲရှိ သစ်သားချောင်းဖြင့် အနှီမြက်မှုန့်အား ဆွကြည့်နေ၏။ ခြေသံများကြားလိုက်ရသောအခါ သူတို့ရှိရာ လှည့်ကြည့်လာသည်။"အာ၊ အမတ်မင်းဝမ်းရောက်လာတာ မြန်ချက်ပဲ"
"တောင်သခင်ယဲ့"
ဝမ်းလျိုနျဲန်နှင့် ယဲ့ကျင်မှာ မိတ်ဆွေဟောင်းများဖြစ်ကာ ယွင်လန်မြို့၌ တာဝန်ကျစဥ် ယဲ့ကျင်နှင့် ရှန်ချန်းဖုန်းတို့က ကျွေ့ယင်နန်းသို့ မကြာခဏ ရောက်လာတတ်ကြသဖြင့် အချင်းချင်း သိကျွမ်းခင်မင်သွားကြခြင်းဖြစ်ပေသည်။
ယဲ့ကျင်မှာ တော်ဝင်သွေးပါသော်ငြား အုပ်ချုပ်ရေးကိစစ စိတ်ဝင်စားခြင်း မရှိပါချေ။ နေ့ရက်တိုင်းနေ့ရက်တိုင်းဝယ် သူရိယစန္ဒာတောင်စခန်း၌ ဆေးဖက်ဝင် နွယ်မြက်ပန်းခက်များ စိုက်ပျိုးလိုက်၊ ဆေးကျမ်းပြုစုလိုက်နှင့် အင်မတန်မှ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်သမာဓိ တည်ကြည်ဖြောင့်မတ်လှ၏။
"ရော့"
ချူယွမ်က ညီဖြစ်သူယဲ့ကျင်အား ပိုးကောင်အိတ် လှမ်းပေးလိုက်သည်။ ဝမ်းလျိုနျဲန်ကမူ နောက်သို့ ခြေနှစ်လှမ်း အသာအယာ ဆုတ်လိုက်၏။
"ယဲ့ကျင်က ဇလုံတစ်ခု ယူလာလိုက်ကာ ထိုမြက်မှုန့်များကို ဇလုံနှုတ်ခမ်း၌ လိမ်းကျံလိုက်သည်။ ထို့နောက် ပိုးကောင်အိတ်ကို ဖွင့်လိုက်ကာ အလိုမကျစွာ မျက်မှောင်ကြုတ်လာ၏။
"ဘုရင့်ဥယျာဥ်တော်ထဲက ပိုးကောင်အားလုံး ရူးနေကြတာလားဟမ်"
ချူယွမ် - "...."
"ဘာလို့ ထထပျံပြေးချင်နေမှန်းမသိ"
ယဲ့ကျင်က ပြောပြောဆိုဆို ထိုဇလုံထဲသို့ ပိုးကောင်များအား ဝေါခနဲ သွန်ချလိုက်သည်။ ကြီးမားကာ အရောင်စုံလှသော ဇလုံကို ကြည့်ပြီး ဝမ်းလျိုနျဲန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဆိုးရွားစွာ တောင့်ခဲသွားလို့။
ပိုး.....ပိုး.....ပိုးကောင်တွေ!!!!!
"ဟေ့"
ချူယွမ်သည်ပင် ယဲ့ကျင်၏ အပြုအမူကြောင့် ထိတ်လန့်သွားသည်။