အပိုင်း - ၁၀၄ ( ဧကရာဇ်က လူလာလုဖို့ အိမ်ထိ လိုက်လာတယ်)
( ခေါင်းဆောင်ကျောက်သိအောင် အမြန်သွားပြောကြစို့ )
နေမကောင်းဖြစ်နေသည်မို့ ကျောက်ယွဲ့လည်း ဘာမှမပြောချင်တော့ပါ။ လူကို ဆေးတိုက်ပြီးသည့်နောက်မှာမှ ပွေ့ဖက်နှစ်သိမ့်လိုက်၏။
"မအီမသာ ဖြစ်နေသေးလား"
"အင်း"
ဝမ်းလျိုနျဲန်ကမူ လွန်စွာမှပင် အားနည်းချည့်နဲ့နေသည်။ တကယ်နုန်းနေကာ ထိုင်နေလျှင်ပင် ခြေထောက်များ တုန်ယင်နေ၏။
ကျောက်ယွဲ့က ခေါင်းအုံးများကို သေချာပြန်စီပေးလိုက်သည်။
"ခဏလောက် အိပ်နေချေ။ သမားတော်ပြောတာတော့ စိတ်ပူစရာမရှိပါဘူးတဲ့။ အရသာပေါ့ပါးတာလေးတွေ စားပေး၊ ဆေးနှစ်လုံးလောက် သောက်ပေးပြီးရင်ကိုပဲ မင်း သက်သာလာမှာပါတဲ့"
"အင်း၊ နောင်ကျ ကျွန်တော် သတိပိုထားပါ့မယ်"
ဝမ်းလျိုနျဲန်က သူ့အမှားကိုသူ အရင်ဦးအောင် ဝန်ခံလာ၏။ ကျောက်ယွဲ့က သူ့အား စောင်သေချာခြုံပေးလိုက်သည်။
"စိတ်ဆိုးနေတုန်းလားဟင်"
ဝမ်းလျိုနျဲန်က ကျောက်ယွဲ့၏ လက်အား တယုတယ ဆုပ်ကိုင်လာသည်။
ကျောက်ယွဲ့ကမူ မတတ်သာတော့ဘဲ တစ်ဖက်လူ၏ နှာခေါင်းကိုသာ ညှစ်ပစ်လိုက်၏။
"မင်းက ကလေးသေးသေးလေးလည်း မဟုတ်တော့ဘူး။ အထက်လှန်အောက်လျှောဖြစ်တဲ့အထိ ဘာလို့ နင်းကန်စားသောက်ခဲ့တာလဲ"
ဝမ်းလျိုနျဲန်က အမှန်အတိုင်း ဖြေလာ၏။
"အဲ့ငါးပေါင်းချဥ်စပ်က တကယ်အရသာရှိလို့လေ"
"....."
"အတူ လာလှဲပါဦး"
ဝမ်းလျိုနျဲန်က အိပ်ရာအထဲပိုင်းသို့ အနည်းငယ်ရွှေ့ပေးလိုက်ကာ ကျောက်ယွဲ့အတွက် နေရာဖယ်ပေးလိုက်၏။ ကျောက်ယွဲ့လည်း သူ့ဘေးနား ဝင်လှဲလိုက်သည်။ ဝမ်းလျိုနျဲန်က သူ့ဘေးနား ကြုံ့ကြုံ့လေး ခွေအိပ်နေ၏။
"ဒီနေ့ ကျွန်တော် ဧကရာဇ်ကို အခစားဝင်လာတယ်"
"အင်း၊ သိပြီးပြီ။ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်"