အပိုင်း - ၆၄ ( သူ့ရဲ့ဖြစ်တည်မှုအစစ်က ဘာလဲ)
( ဘယ်သူကမှ အတိအကျ မပြောနိုင်ဘူး )
နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင မုဝန့်လေနှင့် မုဝန့်ရှုန်မှာ လူသူအင်အားများစွာအား ဦးဆောင်ကာ ဆန်းမန်တောင်ပေါ် တက်သွားကြသည်။ သူတို့အား တိတ်တဆိတ် လိုက်ထောက်လှမ်းနေသည့် ရှောင်ဝူလည်း တောင်ပေါ်သု့ိ လိုက်တက်သွားခဲ့၏။ ရှန့်ယွင်ကျယ်ကမူ ရုံးသို့ပြန်လာကာ ကျားခေါင်းဂိုဏ်း၌ တွေ့ခဲ့ရသည့် အဖြစ်အပျက်များအား အသေးစိတ်ပြောပြလာ၏။
"အလောင်းတွေကို မီးရှို့နေတယ်?"
ဝမ်းလျိုနျဲန်မှာ မျက်မှောင်အနည်းငယ်ကြုတ်သွား၏။
"ဝူနျိုရွာမှာ ပေါ်လာတဲ့ အလောင်းတွေလိုပဲ ဖြစ်မယ်။ အရင်တစ်ခါတုန်းက သေချာမကြည့်မိလိုက်လို့ ငှက်တွေချီသွားတယ်ဆိုတဲ့အကြောင်း ပြောနေတာကို ကျွန်တော်ကြားလိုက်ရတယ်။ သူတို့ဘက်ကလူတွေတော့ အဲ့အကြောင်း မသိကြသေးဘူး"
"ဝူနျိုရွာမှာ မီးစွဲလောင်ခံထားရတဲ့အလောင်းတွေကို တွေ့ရပြီးကတည်းက ပန်ကွမ်းလည်း ရွာနီးချုပ်စပ်က မြို့ရွာတွေကို အကုန်လိုက်စစ်ဆေးပြီးခဲ့ပါပြီ။ လူတစ်ယောက်မှ ပျောက်မသွားခဲ့ဖူးဘူး၊ အုတ်ဂူဖောက်ခံရတဲ့ကိစ္စမျိုးလည်း မရှိခဲ့ဘူး။ ယုတ္တိကျကျပြောရရင် ကျားခေါင်းဂိုဏ်းရဲ့ တည်နေရာကလည်း လမ်းပန်းဆက်သွယ်ရေး အရမ်းပြေလည်နေတာလည်းမဟုတ်ဘဲ အဲ့လောက်များတဲ့အလောင်းတွေကို ဘယ်ကနေ ဘယ်လို သယ်လာသလဲဆိုတာ စဥ်းစားလို့မရတော့ဘူး "
ဘေးနားရှိ ဟွားထန်မှ ပြောလာ၏။
"ဒီကိစ္စကိုသိဖို့ဆိုရင် ကျားခေါင်းဂိုဏ်းကလူတွေကို မေးကြည့်ဖို့ပဲ ကျန်မယ်ရှင်။ မဟုတ်ရင်လည်း ဓားပြချေမှုန်းရေးကိစ္စ အကုန်ပြီးသွားမှ သူတို့ထဲက ဂိုဏ်းသားနှစ်ယောက်သုံးယောက်လောက်ကို အမှုစစ်လိုက်မှ သဲလွန်စရမယ်ထင်တယ်"
"ဟိုဆေးတွေက ဘယ်အချိန်ကျမှ ဆေးစွမ်းပြမှာလဲ"
ဝမ်းလျိုနျဲန်မှ ထပ်မေးလာ၏။
"သိပ်တော့ မသေချာဘူးရှင်၊ ကျွန်မလည်း အဲ့ငှက်တွေကို ဒီလိုဆေးမျိုး မကျွေးဖူးဘူးဆိုတော့လေ။ ခန့်မှန်းပြီး ပြောရရင်တော့ တစ်ရက်ကနေ သုံးရက်အတွင်း ဖြစ်ပါလိမ့်မယ်၊ဆေးစွမ်းပြလာရင်လည်း တစ်နေကုန်ပြတယ် "