အပိုင်း - ၅၃ ( ခေါင်းဆောင်ရဲ့မျက်နှာ ဘာလို့ နီရဲနေတာလဲ)( များပြားလှသော သဲလွန်စများ )
ဟွားထန်ဘက်မှ သေချာပြုစုစောင့်ရှောက်ပေးသော်ငြား အဆုံးသတ်တွင်တော့ ဝမ်းလျိုနျဲန်မှာ စာပေသမားတစ်ယောက်သာဖြစ်ကာ ၊ သိုင်းပညာဓာတ်ခံလည်း မရှိသောကြောင့် ကြောက်လန့်စိုးထိတ်တတ်မြဲသာ။ ထို့ကြောင့် အိပ်ရာထဲလှဲပြီး စာဖတ်လိုက်၊ အမှုအကြောင်း ကြိတ်တွေးလိုက်နှင့် အချိန်ကုန်ဆုံးစေရသဖြင့် နေရထိုင်ရခက်လှစေ၏။
လုကျွေးအိပ်ပျော်နေစဥ် ဟုန်ကျာလန်က အခန်းထဲမှ ခိုးထွက်လာလိုက်ကာ ခြေလက်လေးများအား လှုပ်ယမ်းပြီး ကျောက်ဝူ၏ အိပ်ခန်းဘက်သို့ ထွက်လာလိုက်သည်။ ထို့နောက် အတွင်းဘက်သို့ အရင်ချောင်းကြည့်လိုက်၏။
"ဘာလို့ ဒီရောက်နေတာလဲဟမ်"
ဟွားထန်က ကြေးနီဒင်္ဂါးအရွယ်ခန့်ရှိသည့် ဟုန်ကျာလန်ကို ပြုံးရွှင်စွာကြည့်ကာ လက်ဖြင့် လှမ်းတို့လိုက်၏။
"ကူဘုရင်ကို လာရှာတာလား"
ဟုန်ကျာလန်က သူမ၏လက်ပေါ် အမြန်တွယ်တက်လိုက်ကာ ရင်းနှီးခင်မင်စွာ ပွတ်သပ်လာ၏။
ဟွားထန်က ကြွေခွက်အသေးလေးတစ်ခုအား ထုတ်ယူလိုက်ကာ ခေါင်းစိမ်းကူဘုရင်အား ထုတ်လိုက်၏။
ဝဖြိုးဖြိုးခေါင်းစိမ်းကောင်ကမူ ပျင်းရိစွာသာ လဲှနေကာ တစ်ချက်မျှပင် မလှုပ်ရှားချင်ပါချေ။
ဟုန်ကျာလန်က သူ၏ခြေလက်များဖြင့် ကူဘုရင်အား တို့ထိလာ၏။
အကြောင်းမှာ ဟုန်ကျာလန်က လွန်စွာမှ အင်အားကြီးသောကြောင့် ဟုန်ကျာလန်တစ်ကောင်မျှ ရှိရုံနှင့် မည်သည့်ပိုးကောင်မှ အနားကပ်မလာရဲကြပါ။ ခေါင်းစိမ်းကူဘုရင်ကမူ အမကြောက်တတ်သဖြင့်၊ ၎င်းဘက်မှ ခြေလက်များဖြင့် လာတို့လာလည်း မမှုအားဘဲ ဝမ်းလျားမှောက်ပြီး ဆက်အိပ်နေခဲ့သည်။
"ဘာလို့ ပိုးကောင်တွေကို စိုက်ကြည့်နေပြန်တာလဲ။တစ်ရေးလောက် ကောင်းကောင်းအိပ်ပါလို့ ပြောနေတာကို"