အပိုင်း - ၄၄ ( ခေါင်းဆောင်ကျောက်က အရမ်းရယ်ရတယ် )
{ မင်းကို အရာရာတိုင်း အောင်နိုင်တဲ့လူလို့ ငါ ထင်နေတာ }
"အဲ့ဟာက ကိုက်တတ်လားဟင်"
"ကိုက်တယ်"
"....."
"မြန်မြန်လုပ်လေ!!!!!!"
ကျောက်ယွဲ့က အမြန်လောဆော်လာ၏။
ဝမ်းလျိုနျဲန်လည်း မတတ်သာတော့ဘဲ ရှိသမျှ ခွန်အားသတ္တိများ စုစည်းကာ ဘူးအဖုံးအား အင်မတန်မှ နှေးကွေးလှသည့်နှုန်းဖြင့် ဖွင့်လိုက်သည်။
ကျောက်ယွဲ့က တောက်လျှောက်စိုက်ကြည့်နေ၏။
"ငါ့ပုံတူတွေ ဆွဲတုန်းကကျ မင်း ဘာလို့ ဒီလိုမျိုး အားနာပါးနာ မဖြစ်တာလဲမေး"
"စုတ်တံတွေက ကိုက်မှမကိုက်တတ်တာ"
ဝမ်းလျိုနျဲန်က အပြစ်ကင်းစင်စွာ ဆိုလာသည်။
ကျောက်ယွဲ့ စိတ်ဆိုးသွား၏။
စာသင်သားလူငယ်တွေက တယ်လည်း ပြဿနာများကြသကိုး။
ဝမ်းလျိုနျဲန်က တုတ်လေးတစ်ချောင်းရှာကာ ထိုသစ်သားဘူး၏ အဖုံးအား ဖွင့်လိုက်၏။ကြေးနီဒင်္ဂါးအရွယ်ခန့် တောင်ပံမာ ပိုးကောင်အနီတစ်ကောင်က ဘူးအောက်ခြေတွင် ရှိနေလျက်။ အလင်းရောင်ဝင်လာသည်ကို မြင်သော် ၎င်းလည်း အပြင်သို့ ထွက်လာချင်သဖြင့် အပေါ်သို့ တွယ်တက်လာ၏။
ဝမ်းလျိုနျဲန်၏ မျက်နှာမှာ သွေးမရှိသည့်နှယ် ဖြူဖတ်ဖြူလျော်သွားကာ ထိုတောင်ပံမာပိုးကောင်လေးအား တုတ်ချောင်းလေးဖြင့် ဘူးအောက်သို့ ပြန်တွန်းချလိုက်၏။
ကျောက်ယွဲ့ - "....."
"သူ့ကို ခေါင်းဆောင်ကျောက် ပြန်ယူသွားသင့်တယ်"
ဝမ်းလျိုနျဲန်၏ ကျောပြင်တစ်ခုလုံး ထုံကျင်နေရုံမက ကြက်သီးတဖြန်းဖြန်းပင် ထနေ၏။
"ကြောက်လို့လား?"
ကျောက်ယွဲ့ အနည်းငယ် အံ့ဩသွား၏။
" မင်းကို ဘယ်အရာကမှ အနိုင်မယူနိုင်ဘူးလို့တောင် ငါ ထင်ထားတာ"