အပိုင်း - ၁၇၀ ( လျို့ဝှက်ယန္တရားများ ပြည့်နှက်နေသော ငါးဖြူမျှော်စင် )( ဘာလို့ ဆောင်းလယ်ခေါင်ကြီးထဲ ညခင်းဝတ်စုံကြီးနဲ့ အပြင်မှာ သကြားလုံးထိုင်စားနေတာလဲ)
ရှန်ချန်းဖုန်းတို့အဖွဲ့ လာရောက်တည်းခိုသောအခါ လျိုကျန့်ဝေမှာ အနည်းငယ်တော့ ချုပ်ချုပ်တည်းတည်း ထိန်းထိန်းသိမ်းသိမ်းရှိလာသည်။ ရှောင်လင်ကျီနှင့် လက်ထပ်မည်ဟု မရမကပြောနေသည့်တိုင် အရင်ကလောက် လက်ထပ်ပွဲအမြန်ကျင်းပမည်တကဲကဲ မလုပ်တော့ဘဲ သူမနေထိုင်ဖို့အတွက် ခြံနောက်ဖေးရှိ အိမ်တစ်လုံးရှာကာ ပေးေနေစခဲ့သည်။
ညသန်းခေါင်ယံအလယ် ဖင်းလန်ဂိုဏ်းရှိလူများ အိပ်မောကျ၍ ငြိမ်သက်တိတ်ဆိတ်နေချိန် ၊ ယဲ့ကျင်က စောင်ကိုဖယ်ကာ အိပ်ရာမှ ထထိုင်လိုက်၏။ ထို့နောက် ဘေးနား၌အိပ်နေသည့်လူ၏ နှာခေါင်းကို ဆွဲညှစ်ပြီး နှိုးလိုက်သည်။
"ထဦး"
"ဟင်၊ အိပ်မက်ဆိုး မက်လို့လား"
ရှန်ချန်းဖုန်းက လူကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်ကာ ဆက်မေးလာ၏။
"အအေးမိမှာ မကြောက်ဘူးလားကွာ"
ယဲ့ကျင်က ရှန်ချန်းဖုန်း၏ကိုယ်ပေါ် တက်လှဲလိုက်ကာ ပြောလာသည်။
"အပြင်ထွက်ချင်လို့"
ရှန်ချန်းဖုန်း မျက်မှောင်ကြုတ်သွား၏။
"အခုချိန်ကြီး? ဘာသွားကြည့်ချင်လို့လဲ?"
"ရှောင်လင်ကျီ"
"ရှောင်လင်ကျီ?"
ရှန်ချန်းဖုန်း ခေါင်းခါလိုက်သည်။
"လျိုကျန့်ဝေရှိနေမှတော့ သူ့မှာ တခြားအကြံအစည်ရှိနေရင်တောင် ညကြီးသန်းခေါင် လျှောက်သွားမနေလောက်ပါဘူး"
ယဲ့ကျင်က တစ်ဖက်လူ၏မေးစေ့ကို ဆွဲကိုင်ကာ မျက်ဝန်းအနည်းငယ်မှေးစင်းပြီး စေ့စေ့ကြည့်လာ၏။
"သွားမှာလား၊ မသွားဘူးလား"
"..."
သွားမယ်။
****
အပြင်ဘက်တွင် မိုးရွာနေဆဲဖြစ်ရာ မှောင်မိုက်အေးစိမ့်နေ၏။ ရှန်ချန်းဖုန်းမှာ လူကို ဝတ်ရုံထူကြီး ခြုံလွှမ်းပေးပြီးမှ ခြံနောက်ဖေးရှိ ရှောင်လင်ကျီ၏အိမ်သို့ ခေါ်လာလိုက်၏။ ထိုအိမ်မှာ လှပတင့်တယ်ကာ သားသားနားနားမည်ဟု ထင်ထားခဲ့သော်ငြား လက်တွေ့တွင် ထိုသို့မဟုတ်သည့်အပြင် အသံဗလံများပါ တိတ်ဆိတ်ကာ ရိုးရှင်းငြိမ်သက်လွန်းေနပေသည်။