အပိုင်း - ၁၉၁ ( ရေကြောင်းတိုက်ပွဲ ၊ အပိုင်း- ၁ )
( သူခိုးတွေကို အရင်ဖမ်းမလား၊ ဘုရင်ကို အရင်ဖမ်းမလား )
မွန်းတည့်ချိန်ဝယ်။
စစ်သင်္ဘောများစွာမှာ အစီအစဉ်ချမှတ်ထားသည့်နေရာ၌ ကျောက်ချရပ်နားကြကာ ဝမ်းလျိုနျဲန်နှင့်အဖွဲ့အား စခန်းသို့ ပြန်ခေါ်သွား၏။ တောင်သခင်ယဲ့ထံ မျက်နှာလုပ်ရန်အတွက် အရိပ်တပ်သားများမှာ အင်္ကျီလက်ကို ခေါက်တင်ကာ ဖောင်တစ်ခုဖွဲ့ဖို့ သစ်ပင်ခုတ်လှဲလိုက်ပြီး သတိလစ်နေသော မရဏငှက်အား အပါပြန်ခေါ်လာခဲ့၏။
လူစုံတက်စုံ ပြန်ရောက်လာကြသည်ကို တွေ့တော့ ရင်တမမဖြစ်နေသော ချူယွမ်မှာ ယခုမှပင် စိတ်ချနိုင်ပေသည်။
"အခြေအနေကောင်းရဲ့လား"
ဝမ်းလျိုနျဲန်မှ လျှောက်တင်လာ၏။
"ကျွန်တော်မျိုးတို့ စီစဉ်ထားတဲ့အတိုင်းပါဘုရား။ ပိုင်ဝုကျွန်းက အင်မတန်ကျယ်ဝန်းပါတယ်၊ တစ်ဖက်ရန်သူဆီမှာ လူအင်အားဘယ်လောက်ရှိကြောင်း မပြောနိုင်ပါ။ ဆိပ်ကမ်းမှာလည်း စစ်သင်္ဘောတွေရှိပြီး အစောင့်အကြပ် အတော်ထူထပ်ပါတယ်။ ဒါပေမယ့် မရဏငှက်ကတော့ သိပ်မများဘဲ ဆယ်ကောင်ကျော်လောက်ပဲ ရှိပါတယ်"
ယဲ့ကျင်က အတူပါလာသော မရဏငှက်ကြီးအား အားပါးတရကြည့်ကာ မှတ်ချက်ဆိုလာသည်။
"အမွေးတွေ အရှည်ကြီးပဲ"
ရှန်ချန်းဖုန်း - "..."
သွမ့်ပိုင်ယွဲ့ - "..."
အရိပ်တပ်သားများသည်ပင် စိုးရိမ်နေလို့ ။
"တောင်သခင်ယဲ့။ ကျွန်တော်တို့ခေါ်လာတဲ့ လူတွေ မနိုးသေးဘူး၊ အဲ့လောက်ကြီး သတိလစ်နေလို့တော့ မဟုတ်သေးဘူးထင်တယ် "
ကျွန်တော်တို့ အဲ့လောက်လည်း လက်ဆပြင်းတာ မဟုတ်ဘဲနဲ့!!!!
ယဲ့ကျင်က ထိုသူတို့၏မျက်လုံးများကို ဖြဲကြည့်လိုက်သည်။
"ဟင့်အင်း။ ဆေးတိုက်လိုက်ရင် နိုးလာလိမ့်မယ်"
အရိပ်တပ်သားများကလည်း စိတ်သက်သာရာရသွားကြကာ ထိုသူတို့ကို အောက်သို့ သယ်လာ၏။ ဝမ်းလျိုနျဲန်ကမူ ခပ်သွက်သွက် ရေအရင်ချိုးလိုက်ကာ မနေ့ညကအဖြစ်အပျက်အား ချူယွမ်နှင့်အခြားသူထံ အကျဉ်းချုပ်ပြောပြရန် ထွက်သွားခဲ့သည်။