အပိုင်း - ၁၃၀ ( သဲလွန်စသုံးခု )
(ဘာသဲလွန်စမှမကျန်တာတော့ မဟုတ်ဘူး)
"တစ်ခါတစ်လေ အတိတ်နောက်ကြောင်းက အရေးမကြီးပါဘူး"
ယွင်သွမ့်ဟွန်က ဝမ်းလျိုနျဲန်၏ခေါင်းအား ပွတ်သပ်လာသည်။
"လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက ကိစ္စကို ပြန်အောက်မေ့ရင် ဝမ်းနည်းရတာပဲ အဖတ်တင်မယ်။ မေ့လိုက်တာကမှ ပိုကောင်းမှာပါ။ ဒါမှ သွားလေသူတွေ အေးအေးချမ်းချမ်း အနားယူရမှာပေါ့ကွယ်"
"တကယ် မပြောပြနိုင်ဘူးပေါ့"
ဝမ်းလျိုနျဲန်က သူ့အား နောက်ထပ်တစ်ဖန် ပြန်ကြည့်လာသည်။
"လျို့ဝှက်ချက်အဖြစ် နှစ်ယောက်ကြား ပြောပြပေးလို့ မရဘူးလားဟင်။ ဘယ်သူ့ကိုမှ မပြောပြပါဘူးလို့ ကတိပေးပါတယ်၊ နော် "
ယွင်သွမ့်ဟွန်ကမူ ငြင်းဆန်လာမြဲ။
ဝမ်းလျိုနျဲန်အား ပါးပြင်ကို လက်ဖြင့် ထောက်ထားရင်းနှင့်မှ သက်ပြင်းချလိုက်ရ၏။
"မေးစရာမရှိတော့ဘူးလား"
ယွင်သွမ့်ဟွန်က သူ၏ မြေပဲသကြားခဲထုပ်အား ပြန်ပေးလာကာ ဆက်ပြောသည်။
"မင်းနဲ့ငါ တွေ့ရဖို့ဆိုတာ ရှားတယ်နော်။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ခါဆိုတာ ရှိလာနိုင်မလား မသေချာဘူး"
"ချင်ချိုကို ဖမ်းမိပြီးတာနဲ့ အရှေ့ပင်လယ်ကို ပြန်သွားမှာလားခင်ဗျာ"
ယွင်သွမ့်ဟွန် ခေါင်းညိတ်လိုက်၏။
"ငါတစ်ယောက်တည်းပဲ ပြန်မှာပါ။ မင်းက ညီလာခံထဲက မှူးမတ်ဆိုတော့ အားယွဲ့လည်း ဒီမှာပဲ အတူနေခဲ့မှာပ"
"အရင်ဧကရာဇ်ကြောင့် အခုဧကရာဇ်လည်း လူကြီးမင်းအပေါ် အကြီးအကျယ် နားလည်မှုလွဲနေတယ်။ ဒီကိစ္စတွေကို ပြန်ဖြေရှင်းဖို့ လူကြီးမင်း အခွင့်အရေး မရှာချင်ခဲ့ဖူးလား"
ယွင်သွမ့်ဟွန် ခေါင်းခါလိုက်၏။
"ဒီအရေးနဲ့ ငါ မပတ်သက်တော့တာ အနှစ်နှစ်ဆယ်ကျော်နေပြီ။ ဒီလိုအသေးအဖွဲကိစ္စတွေထဲ ဝင်မရှုပ်တော့ပါဘူး"