အပိုင်း - ၁၇၇ ( ရေသူမမျက်ရည်အစစ် )( မင်း ဘာကို အလိုချင်ဆုံးလဲ )
နှစ်သစ်ကူးအပြီး ပထမရက်တွင် ဝမ်းလျိုနျဲန်မှာ အဝတ်အစားသစ်များဝတ်ကာ အရိပ်တပ်သားများနှငိ့အတူ ငန်းသွားကျောင်းရန်ပြင်၏။ သို့သော် အမေဖြစ်သူ ဝမ်းဖူးရန်မှ ကြားဖြတ်ဟန့်တားလာသည်။
"ဘာဖြစ်လို့လဲ၊ မေမေ"
ဝမ်းလျိုနျဲန်မှာ တွေဝေသွားကာ သူမခေါ်ရာနောက် အိပ်ခန်းထဲသို့ လိုက်လာ၏။ ဝမ်းဖူးရန်က သေတ္တာငယ်တစ်ခုထုတ်ကာ ဝမ်းလျိုနျဲန်အား ပေးလာ၏။
"မနေ့က မပေးဖြစ်လိုက်လို့။ တစ်နေ့က မင်းအစ်ကိုကြီး မြို့ပြင်ဘက် စာရင်းသွားစစ်တော့ မင်းအတွက် လက်ဆောင်ဝယ်လာပေးတာတဲ့။ အားယွဲ့ကို ပေးခိုင်းလိုက်တာေအ၊ ဓားမှာ တန်ဆာဆင်လို့ရတဲ့ဟာတဲ့"
"သားလည်း အစ်ကိုကြီးအတွက် ပေးစရာလက်ဆောင်ရှိတယ်။ သက်တမ်းတော်တော်ရှိတဲ့ ဖူအာ့လက်ဖက်၊ ဧကရာဇ်ဆီကနေ လက်ဆောင်ရလာတာ"
"ဒါလေးဖွင့်ကြည့်ဦး။ ဒါကလည်း ရှားပါးပစ္စည်းပဲ ၊နန်းတော်ထဲမှာပဲ မရှိဘူး"
ဝမ်းလျိုနျဲန်၏ စူးစမ်းလိုစိတ်မှာ တပွက်ပွက်ဆူတက်လာသည်။ ထို့နောက် အနှီသေတ္တာအား ဖွင့်ကြည့်လိုက်သောအခါ နေရောင်အောက် ပြာလဲ့လဲ့လေး လင်းလက်နေသော အလုံးတစ်လုံးအား တွေ့လိုက်ရ၏။ အတော်ကိုပင် လှပသော ရတနာပစ္စည်းဖြစ်ပေ၏။
"ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးနိုင်တဲ့ အဆောင်တဲ့။ အားယွဲ့က အမြဲ တိုက်ခိုက်ခံရလိုက် လုပ်ကြံခံရလိုက်နဲ့မို့။ အဆောင်ပစ္စည်း ပေးဖို့ကျ မိဘတွေကလည်း မရှိတော့တာဆိုတော့ ဒါလေးပဲ သုံးခိုင်းချေ "
ဝမ်းလျိုနျဲန်က ထိုအလုံးအား ကောက်ယူကြည့်လိုက်ကာ မေးလာသည်။
"ဘာကြီးလဲဟင် ၊ သား တစ်ခါမှ မမြင်ဖူးဘူး"
"ရေသူမမျက်ရည်"
"ဘာရယ်?"
ဝမ်းလျိုနျဲန်မှာ ချက်ချင်းပင် လှည့်ကြည့်လာ၏။
"ကျန်းနန်က ပိုးဖဲကုန်သည်တွေ ပင်လယ်ထဲရွက်လွှင့်သွားတော့ တံငါသည်တွေဆီကနေ မတော်တဆ ရှာတွေ့လာခဲ့တဲ့ ရေသူမမျက်ရည်။ နောက်ပိုင်းတော့ မင်းအစ်ကိုကြီးဝယ်လိုက်လို့ ရလာတာပေါ့ကွယ် "