အပိုင်း - ၆၇ ( အနိုင်ကျင့်ခံနေရသလိုပဲ )
( စာဂျပိုးရဲ့စွမ်းရည်ကို အထင်မသေးကောင်းပါ )
ဓားပြများအား ချေမှုန်းရန် မုဂိုဏ်းချုပ်တို့က ဆန်းမန်တောင်ပေါ်သို့ တက်သွားကြသည်ဟူသည့် ကိစ္စအား လူအများကြားသိရသောအခါ သတင်းကောင်းကြားရရန် စောင့်မျှော်ခဲ့ကြသည်။ သို့သော် ရက်အနည်းငယ်အကြာမှာပင် မုဂို္ဏ်းချုပ်တို့နှင့် ကျားခေါင်းဂိုဏ်းတို့က ပတ်သက်ဆက်နွယ်နေကြကြောင်း အစိုးရဘက်မှ ကြေညာစာတမ်း ထွက်လာ၏။ သို့နှင့် အဆုံးသတ်တွင် ရှင်းလင်းစွာမသိရသေးသောအကြောင်းရင်းနှင့် နှစ်ဖွဲ့လုံး အရေးနိမ့်သွားခဲ့ရာ မုဝန့်လေနှင့် မုဝန့်ရှုန်တို့အား ကျားခေါင်းဂိုဏ်းက သတ်ဖြတ်လိုက်ကြပြီဖြစ်ကြောင်း လည်း ကြေညာလာ၏။ ကျန်သောမုဂိုဏ်းသားများကိုလည်း အစိုးရဘက်မှ ဖမ်းဆီးထားပြီးဖြစ်ကာ နောက်ရက်တွင် အမှုစစ်ဆေးရန် ပြင်ဆင်နေကြသည်။
သို့ရာတွင် ထိုသို့သောအဖြစ်မျိုးက လွန်စွာမှ ထူးဆန်းနေလှသဖြင့် မြို့ထဲရှိစာပေသမားတစ်ယောက်မှ ထိုစာတမ်းအား ဖတ်ပြပြီးသောအခါ လူအများမှာ အနည်းငယ် အံ့ဩသွားကြသည်။ ၎င်းမှာ ပြဇာတ်ထဲ သီဆိုဖျော်ဖြေပြသည်ထက် ပို၍ရှုပ်ထွေးနေလှ၏။
****
ရုံးထဲတွင် ဖြစ်သည်။
ဟွားထန်က ကြည်လဲ့လဲ့လိမ်းဆေးတစ်ချို့အား လက်သည်းဖြင့်ကလော်ကာ ဟုန်ကျာလန်၏ကျောပေါ် လိမ်းပေးနေ၏။
"ဘယ်လက်ရုံး ဘာလုပ်နေတာလဲ"
ဝမ်းလျိုနျဲန်က ကြက်သားစွပ်ပြုတ်တစ်ခွက် ကိုင်ပြီး ဝင်လာခဲ့သည်။ ထို့နောက် သူ့လက်ပေါ် ဟုန်ကျာလန်တက်လာသည့် အထိအတွေ့အား အမှတ်ရမိသွားသောအခါ ဝမ်းလျိုနျဲန်မှာ ကြက်သီးတဖြန်းဖြန်းပြန်ထလာ၏။
"သန့်ရှင်းရေးလုပ်ပြီး ဆေးလိမ်းပေးနေတာရှင်။ ဟုန်ကျာလန်က မျိုးကောင်းမျိုးသန့်မို့ ဂရုတစိုက်ပြုစုပေးရင် ကျောက်မျက်ရတနာလေးတစ်လုံးထက်တောင် ပိုလှမှာ"
ဟုန်ကျာလန်က သူ၏ခြေလက်လေးများအား လှုပ်ခါပြလာ၏။
"သူက သူ့ကျောလေးကို ပွတ်ပေးရင် အရမ်းသဘောကျတာ။ အမတ်မင်းလည်း အချိန်ရရင် သူ့ကို ဒီဆေးလေးလိမ်းရင်း ပွတ်ပွတ်ပေးလေရှင်"