အပိုင်း - ၅၆ ( ပိုးကောင်တွင်းထဲ အတူတူသွားကြရအောင် )( ဗိုက်ကားအောင် အစာစားရတဲ့ ပိုးကောင်က လုံးဝအကောင်းဆုံးတာပဲ )
ညနေခင်းရောက်သောအါ ကျောက်ယွဲ့လည်း ညခင်းဝတ်စုံ လဲဝတ်လိုက်ကာ ကုတင်ဘေးနား လာထိုင်ပြီး ပြော၏။
"စောစောအိပ်ဦး"
ဝမ်းလျိုနျဲန်က ကုတင်ခေါင်းရင်းပေါ် မှီထားလျက်သား ပြန်ပြောလာသည်။
"အင်း၊ ခင်ဗျားလည်း သတိထားဦးနော်"
"အင်း"
ဝမ်းလျိုနျဲန်က သူ့အား ကြည့်လာ၏။
...
သာမန်စုံစမ်းမှု ပြုလုပ်ဖို့အတွက် ထွက်သွားမည်မှန်သော်လည်း ဤတစ်ကြိမ်တော့ နှုတ်ဆက်ခွဲခွာရသည်ဟု ခံစားနေရသည်။ ခေါင်းဆောင်ကျောက်မှာ တစ်သက်နှင့်တစ်ခါ နောက်ဆံတင်းခြင်းဟူသော အဓိပ္ပာယ်အား သိရှိလိုက်ရပြီဖြစ်၏။ အခန်းအပြင်သို့လည်း ပြန်ထွက်မသွား ၊ ဆက်ပြီး ထိုင်ဖို့ကလည်း တစ်မျိုးကြီး ဖြစ်နေသည်။
နောက်ဆုံးတော့ ဝမ်းလျိုနျဲန်ဘက်မှ အရင် စပြောရ၏။
"ဘယ်လက်ရုံးတို့တတွေ အပြင်မှာ စောင့်နေကြလောက်ပြီ"
"ဒါဆို...သွားပြီနော်"
ကျောက်ယွဲ့လည် မတ်တတ်ပြန်ရပ်လိုက်၏။
ဝမ်းလျိုနျဲန်လည်း ခေါင်းညိတ်လိုက်ကာ အိပ်ခန်းထဲမှ ထွက်သွားသော သူ့အား ငေးကြည့်နေသည်။
ကျန်သောသူများမှာ ဘေးနာရှိခြံဝန်းထဲ ခပ်တည်တည်ကြီး လက်ဖက်ရည်သောက်နေကြလျက်။ "အပြင်ပြန်ထွက်လာဖို့အရေး ဘာလို့ အဲ့လောက်ကြာနေမှန်း ဘယ်သူမှ သတိမထားမိပါဘူး။ အဲ့ကိစ္စအကြောင်းလည်း ကျွန်တော်တို့ ရှည်ရှည်ဝေးဝေး သိပ်မတွေးပါဘူး" ဟူသည့် မျက်နှာထားများဖြင့် ဖြစ်၏။
အကြောင်းမှာ ဘာကိုမှ မမေးဖြစ်သည့်တို်င် မှန်းဆ၍ရသည်မို့။
တကယ်ကိုပင် အလွန်သိသာထင်ရှားနေသည် မဟုတ်ပါလော။
ထို့နောက် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြကာ ကျောက်ဝူနှင့် ဟွားထန်မှာ ဟုန်ကျာလန်ကို ယူပြီး သင်္ချိုင်းကြီးဘက် ထွက်သွား၏။ ကျောက်ယွဲ့နှင့် လုကျွေးတို့မှာမူ ကျားခေါင်းဂိုဏ်းသို့ ထွက်သွားကာ အရိပ်တပ်သားများကမူ ဝမ်းလျိုနျဲန်နှင့်အခြားသူများကို စောင့်ရှောက်ကာကွယ်ရန် ရုံးတွင်ကျန်ရစ်နေခဲ့၏။