အပိုင်း - ၉၅ ( အဖြူရောင်အရိပ်ဆိုတာ ဘာလဲ)
( အမတ်မင်းဝမ်းကိုယ်တိုင် လှုပ်ရှားဆောင်ရွက်ခြင်း)
"အဲ...."
တံခါးဝမှ အပြင်သို့ တန်းတန်းမတ်မတ်ထွက်သွားသော ဝမ်းလျိုနျဲန်ကို မြင်သောအခါ တည်းခိုခန်းပိုင်ရှင်မှာ စိတ်ပူသွားကာ လိုက်ခေါ်မည်ပြု၏။ သို့သော် ကျောက်ယွဲ့က သူ့အား လာတားထားပေသည်။
"ကိစ္စမရှိဘူး"
"လူကို မြန်မြန်ပြန်ခေါ်လာပါဗျ။ အပြင်မှာ တကယ် သရဲခြောက်နေတာ"
ဒီသိုင်းလောကသားတွေကတော့ကွာ ၊ သတိပေးစကားကို ဘာလို့ နားမထောင်တတ်ကြတာလဲ။
အပြင်ဘက်တွင် လေတဝူးဝူးတိုက်နေကာ ဝမ်းလျိုနျဲန်က ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်၏။ ညစာစားချိန်မို့ အိမ်တံခါးတိုင်းမှာ ပိတ်ထားလျက်ရှိကာ မီးပုံးမီးအိမ်အနည်းငယ်သာရှိ၏။ အသံတိတ်လွန်းနေပုံမှာ အတော်ကိုပင် သဘာဝမကျခဲ့ပါချေ။
ကျောက်ယွဲ့မှ မေးလာသည်။
"ချမ်းလား။ အအေးမိတာတောင် မပျောက်သေးဘဲနဲ့ လေစိမ်းအတိုက်မခံနဲ့လေ"
ဝမ်းလျိုနျဲန်က ဆိုသည်။
"ရတယ်။ ကျွန်တော် မြို့ထဲ လမ်းသွားလျှောက်ချင်တယ်"
ကျောက်ယွဲ့လည်း ခေါင်းညိတ်လိုက်ကာ ဝတ်ရုံကို သေချာပြန်ပြင်ပေးလိုက်သည်။
"မိုးရွာမယ့်ပုံပဲမို့ ခဏလေးပဲသွားပြီး ပြန်လာရမယ်နော်။ ဘာဖြစ်နေမှန်း မင်းထပ်သိချင်ရင် နောက်မှ ကိုယ် ထပ်လာရှာပေးမယ်"
ထို့နောက် ဝမ်းလျိုနျဲန်က ကျောက်ယွဲ့၏လက်ကို ဆွဲလိုက်ကာ မြို့အရှေ့ဘက်မှသည် အနောက်ဘက်သို့ လမ်းမတစ်လျှောက် ဖြည်းနှေးစွာ လျှောက်သွားနေ၏။ သရဲခြောက်ဖို့နေနေသာသာ၊ ကြွက်တစ်ကောင်ကြောင်တစ်မြီးမျှပင် မမြင်ရပါချေ။
.
.
."အာ၊ ပြန်လာကြပြီပဲ"
ဆိုင်ရှင်မှာ ဧည့်ကြိုနေရာ၌ စောင့်နေလျက်၊ သူတို့နှစ်ယောက်ကို မြင်တော့မှ စိတ်သက်သာရာရသွားသည့်နှယ်။