အပိုင်း - ၁၀၅ ( ယောက္ခမတို့ဘက်ကလည်း ရွှေမြို့တော်ဆီ လာနေကြပြီ )
( လူစုံတက်စုံရှိမှ ပျော်ဖို့ ပိုကောင်းတာပေါ့ )
အေးစက်စက်အလင်းရောင်တစ်ခုက သူ့ရှေ့တွင် ဖြတ်ပြေးသွားရာ ကျောက်ယွဲ့လည်း လက်စွဲတော်ဓားကို ထုတ်လိုက်ပြီး တစ်ဖက်ရန်သူ၏ လှုပ်ရှားမှုအား ခုခံတားဆီးလာ၏။ သု့ိနှင့် မိုးကြိုးလျှပ်စီးသံများကြား လက်နက်အချင်းချင်း ထိခတ်နေသည့်အသံမှာ ပြင်းထန်နေလှသည်။ မျက်နှာပြင်ထက်က သဲလွန်စအချို့အရ အလစ်ချောင်းပြီး တိုက်ခိုက်လာသော အနှီလူသတ်သမားမှာ အသက်လေးဆယ်ကျော်ငါးဆယ်အရွယ်ခန့် ရှိကြောင်း သိနိုင်သည်။
များများစားစား မတွေးအားတော့သည့် တစ်ဖက်ရန်သူမှာ ကျောက်ယွဲ့အား တရစပ်ထိုးနှက်တိုက်ခိုက်လာရာ လှုပ်ရှားမှုတိုင်းက သေစေလိုသောစေတနာအပြည့်နှင့် ကြမ်းတမ်းခက်ထန်နေလှ၏။ ဤနေရာမှာ တိတ်ဆိတ်သော နေရာဖြစ်ကာ ညနေစောင်းလည်း တိုင်ပြီမို့ ၊ ပတ်ဝန်းကျင်လည်း ပြေးစရာအလုံအလောက်ရှိပြီး ကျယ်ဝန်းသည်မို့၊ သူ့ဘက်တွင် အသာစီးမရနိုင်မှန်း နားလည်သွားသော ထိုသူမှာ မီးခိုးဗုံးများ ထုတ်သုံးပြီးနောက် တံတိုင်းမှ ခုန်ကျော်ထွက်ပြေးသွား၏။
အနံ့စူးစူး မီးခိုးဗုံးများ လေထဲတွင် ပျံ့နှံ့သွားကာ အငွေ့များ တစ်ဖန်ပြန်လည်သန့်စင်သွားသောအခါ တစ်ဖက်လူအား မမြင်ရတော့ပါချေ။ ကျောက်ယွဲ့က ထိုအိမ်ဝန်းထဲရှိ အခန်းတံခါးများကို ကန်ဖွင့်လိုက်ရာ အိမ်ထဲတွင် ဖုန်မှုန့်သဲမှုန့်များ ပြည့်နေကြောင်း တွေ့လိုက်ရ၏။ နှစ်ပေါင်းများစွာ အသုံးပြုခြင်းမရှိခဲ့သော အိမ်အိုအိမ်ပျက်တစ်လုံးသာ ဖြစ်နေပေသည်။
အစတွင်တော့ ထိုလျို့ဝှက်ထူးဆန်းသောသူနောက်လိုက်ကာ အပျော်မယ်အိမ်နှင့် ဂီတအိမ်များထဲ သဲလွန်စရှာမည်ကြံထားသော်ငြား သူ့မျက်လုံးထောင့်မှတစ်ဆင့် သံသယရှိစရာကောင်းသူတစ်ဦးအား ကျောက်ယွဲ့ တွေ့လိုက်ရခြင်းကြောင့် ထိုသူနောက်သို့ တိတ်တဆိတ်လိုက်လာရာမှ ယခုလို အလစ်ချောက်းတိုက်ခိုက်ခံရခြင်းဖြစ်ပေ၏။