အပိုင်း - ၁၈၂ ( ပထမစစ်ပွဲတွင် အောင်မြင်မှု ရရှိခြင်း)
(ခေါင်းဆောင်ကျောက်ပြန်လာလို့ အမတ်မင်း ရင်နည်းနည်းခုန်နေတယ်)
ရှန်ချန်းဖုန်းကိုယ်တိုင် သင်ကြားပေးထားသော လျို့ဝှက်ကိုယ်ရံတော်များ၏ ကိုယ်ဖော့ပညာအား အထင်သေး၍မရပါ။ မြို့တံတိုင်းထက်တွင် တိုက်ပွဲတစ်ခုမှာ တိုတောင်းလှသောအချိန်အတွင်း ဖြစ်ပွားလာကာ ဓားလှံလက်နက်ချင်းထိခတ်သံများအား မကြားချင်လည်း ကြားနေရလို့။ ဝမ်းလျိုနျဲန်မှာ စစ်မြေပြင်ထဲ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်းဖြစ်ကာ ဤစစ်ပွဲမှာ လုပ်ဇာတ်တစ်ခုဖြစ်မှန်း သိနေသည့်တိုင် ရင်တလှပ်လှပ်ခုန်ကာ စိတ်လှုပ်ရှားရသည်သာ။ ခေါင်းလေးတမော့မော့ လည်တိုင်တကျော့ကျော့ပါဆန့်ကာ တိုက်ပွဲထံမှ အကြည့်များမလွှဲနိုင်ပါချေ။
ဘေးနားရှိချူမျဲန်သည်လည်း လှုပ်စိလှုပ်စိ ဖြစ်ေနသည်။ အဖေနှင့် ဧကရာဇ်ကိုသာ မျက်နှာမထောက်ရပါလျှင် အမတ်မင်းအနား အပြေးသွားကာ မျက်နှာလေးအား ပို၍နီးကပ်စွာ ကြည့်ချင်စမ်းလှ၏။ တောင့်တမှုများပြည့်နေသည့် ထိုအကြည့်များကိုလည်း ဖုံးကွယ်မထားသဖြင့် အရိပ်တပ်သားများမှာ သူ့ကို အတော်ရွံရှာနေလို့။ ထိုသူသာ သာမန်နှာဘူးတစ်ယောက်ဖြစ်နေပါလျှင် ခေါင်းကိုအိတ်နှင့်စွပ်ပြီး ဝိုင်းရိုက်ကြရုံသာ။ ယခုတွင်တော့ သူ့စိတ်သူပင် နားမလည်သော စာရူးပေရူးဖြစ်ကာ လုပ်သမျှကိစ္စတိုင်း ညစ်ညမ်းသည့်အသွင်ရသော်ငြား ယဉ်ကျေးေလးစားသမှုလည်း ရှိနေပြန်သေးသဖြင့် လုပ်ရကိုင်ရခက်လှ၏။ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်မှန်း သူတို့လည်း မစဉ်းစားတတ်တော့ပါချေ။
ရှန်ချန်းဖုန်းနှင့် သွမ့်ပိုင်ယွဲ့လည်း သိုင်းကွက်ရာကျော်မှ အပြန်အလှန်တိုက်ခိုက်ခဲ့ရာ မည်သူဘက်မှ နိုင်မည်ရှံုးမည်ဆိုသည့်အချက်အား ခန့်မှန်း၍မရေသးပါ။ တာ့ချူတပ်သားများကလည်း မြို့တံတိုင်းပေါ်ရှိ ဆူပူမှုအား အခွင့်ကောင်းယူပြီး မြို့တံခါးအား သစ်လုံးဖြင့် ထိုးနှက်ဖြိုဖျက်လာသည်။ တံခါးပွင့်သည်နှင့် ဒီရေပမာ မြို့ထဲသို့ အလုံးအရင်း ဝင်စီးကြကာ မြင်းဟီသံများနှင့်အတူ စစ်သည်ဗိုလ်ပါအပေါင်းတို့၏ ဟစ်ကြွေးသံကလည်း ဘဝဂ်ထိတိုင်ညံနေ၏။