အပိုင်း - ၁၇၉ ( တစ်ခေါင်းလုံးတော့ မပြောင်ပါဘူး )
(ထိပ်တစ်နေရာတည်း ကွက်ပြောင်တာ)
သွမ့်ပိုင်ယွဲ့ဘက်မှ အချိန်အတန်ကြာ အရှေ့ပင်လယ်ဒေသ၌ တပ်စွဲထားသည်မို့ တာ့ချူတပ်မတော်အဖို့ သတိမမူမိဘဲ မနေပါ။ သို့သော် ချူယွမ်နှင့် ရှန်ချန်းဖန်း ရောက်မလာမချင်း ချူဟိန်မှာ သွမ့်ပိုင်ယွဲ့နှင့် တိုက်ခိုက်ရန် သူ့တပ်သားများအား စေလွှတ်ပေးချင်စိတ် မရှိ။ လွှတ်မည့်လွှတ်တော့လည်း စစ်ပွဲမှာ စိတ်ဓာတ်ကျစရာကောင်းလှကာ တစ်ဖက်မှ ထိုးစစ်ပြန်မဆင်မချင်း သူ့ဘက်မှလည်း မတိုက်ခိုက်ပါ။ နေ့စဉ်နေ့တိုင်း မြို့ပြင်၌ စကားစစ်ထိုးလိုက်၊ အော်ဆဲလိုက်သာ လုပ်ကြကာ စစ်တကယ်ဖြစ်မည်ကို ကြောက်နေသည့်အလား လှည့်ပြန်လာကြေသးသည်။ တပ်မှူးများမှာ ချူမျိုးရိုးသားအဖနှင့် ရင်းနှီးနေကြရာ မည်သို့ပူးပေါင်းဆောင်ရွက်ရမည်နည်းဟု အလိုလိုသိကြသည်သာ။ ထို့ကြောင့် အရှေ့ပင်လယ်ပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေဟန်ရသော်ငြား တကယ်တမ်းကျ နှစ်ဖက်စလံုး အထိအခိုက် အကျအရှုံး မရှိသေးပါချေ။
ဝမ်းလျိုနျဲန်က လက်ထဲရှိ တိုက်ပွဲအစီရင်ခံစာများအား ဘေးဖယ်ထားလိုက်၏။
"ဘာဆိုဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ရပါဘဲ နေ့တိုင်း အစီရင်ခံစာရေးရတာ မလွယ်ချက်"
ရှန်ချန်းဖုန်းမှ ပြောသည်။
"ဧကရာဇ်နဲ့ ချန်းဖန်း ရောက်လာဖို့ နည်းနည်းထပ်စောင့်ရမယ်ထင်။ ခုနေ အရေးအကြီးဆုံးကတော့ အချိန်ဆွဲထားဖို့ပါပဲ"
ဝမ်းလျိုနျဲန် သက်ပြင်းချလိုက်၏။
"ရှီးနန်ဝမ်ရှိလို့ တော်သေးတာပေါ့"
ယဲ့ကျင်မှာ ကျောမတ်မတ်ဆန့်သွားကာ ကြောင်ကိုသာ ဣန္ဒြေမပျက် ေပွ့ဖက်ထား၏။
အမတ်မင်းဝမ်းမှ ဆက်ပြောလာသည်။
"စကားအဖြစ် ပြောတာပါဗျာ။ သေချာတွေးကြည့်ရင် ရှီးနန်ဝမ်က အဲ့လောက်အရေးပါတာလည်း မဟုတ်ဘူး"
ရှန်ချန်းဖုန်း - "..."
"အမတ်မင်း!!!!"
ထိုစဉ် အပြင်ဘက်ရှိ အရိပ်တပ်သားမှ ပြောလာ၏။