အပိုင်း - ၁၂ (တစ်ယောက်ယောက်က လာကူချင်နေတယ်)
[ သူတို့ရည်ရွယ်ချက်က ဘာလဲ ]
ထိုတပည့်ငယ်သားလေး၏စကားကို ကြားလိုက်သည်နှင့် ရှန့်ယွင်ကျယ်ထံမှ အေးစက်ခက်ထန်သည့် အရောင်အဝါများထွက်လာသည်ဟု မုချင်းရှန်းခံစားလိုက်ရသည်။ ထို့ကြောင့် မုချင်းရှန်းမှာ ပူထူသွားကာ စိုးရိမ်တကြီး မေးလာ၏။
"အခြေအနေက တကယ်ပြင်းထန်တယ်ထင်တယ်။ ခံတပ်သခင်ကြီး ဘာလို့ အမြန်ပြန်မသွားသေးတာလဲခင်ဗျ"
ရှန့်ယွင်ကျယ် မေးလိုက်သည်။
"ဘယ်အဖွဲ့နှစ်ဖွဲ့လဲ"
"ခံတပ်သခင်ကို ဖြေကြားပါတယ်၊ ချန်စန်းရယ်နဲ့ ခန်းမသခင်ထန်တို့နှစ်ယောက်ပါ။ ချန်စန်းရယ်က အရက်မူးနေတုန်း မပြောသင့်တဲ့စကားကို ပြောလိုက်တော့ ခန်းမဆောင်သခင်ထန်ကို ဒေါသထွက်သွားစေခဲ့တာပါ။ရန်ပွဲက ပြီးသွားပြီဆိုပေမယ့် နှစ်ဖက်စလုံးက ရန်လိုနေတုန်းမို့ ခံတပ်သခင် ပြန်သွားကြည့်မယ်ဆိုရင် အကောင်းဆုံးပါပဲခင်ဗျာ "
"အေး၊ ပြန်သွားပြီး သူတို့ကိုပြောလိုက်"
ရှန့်ယွင်ကျယ်က အေးစက်စွာ ဆက်ဆိုလာသည်။
"သုံးရက်အတွင်း ဖင်လေးကြွပြီး ငါ့ဆီလာခဲ့ကြစမ်းလို့ ပြောလိုက်၊ မဟုတ်ရင် ဒင်းတို့တွေ သွမ့်ယွင်တောင်ပေါ်မှာ ဆက်နေစရာ အကြောင်းကို မရှိတော့ဘူးလို့"
.
.
.အတန်ငယ်ကြာသွားတော့ မုချင်းရှန်းက မေးလာသည်။
"ခင်ဗျား တကယ်ပြန်မသွားတော့ဘူးလား၊ ကြည့်ရတာ အခြေအနေဆိုးနေသလိုပဲ"
"ချန်စန်းရယ် အရက်မူးပြီးရင် ပြဿနာရှာတတ်တာ အခုမှ မဟုတ်ဘူး။ ဒါက အခြေအနေဆိုးတာမဟုတ်ဘဲ ရှက်စရာကောင်းတဲ့ကိစ္စ ဖြစ်နေတာ။ ဝမ်ယွီကလည်း စိတ်ဆတ်တယ်၊ ဒါကြောင့် သူတို့ရန်ဖြစ်တာ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး၊ အဲ့အတွက်ကြောင့်နဲ့ ပြန်သွားစရာကိုမလိုတာ"
"အင်၊ အခုလည်း ဘာမှမှ လုပ်စရာမရှိတာ။ ခင်ဗျားပြောတော့ အရမ်းအားနေတယ်ဆို"
ရှန့်ယွင်ကျယ် - "...."
ငါပြောတဲ့စကားတိုင်းကို မင်း ဘာလို့ သေချာမှတ်မိနေတာတုန်း။