အပိုင်း - ၁၅၂ ( အမတ်မင်းရဲ့ဘောင်းဘီ အခိုးခံရတယ်)(ဒီကိစ္စကို ခေါင်းဆောင်ကျောက်ဆီ ပြောပြစေလိုပါသလား)
နောက်နေ့မနက် နိုးသောအခါ ဝမ်းလျိုနျဲန်မှာ အညောင်းအညာဆန့်ကာ မျက်နှာကို ကုတ်နေလျက်။ ကမ်းစပ်ဒေသဖြစ်သည်မို့ အေးစိမ့်စိမ့်ရာသီဥတုကြား လေလည်းပြင်းလှရာ စောင်ပုံထဲကမှ နွေးထွေးနူးညံ့ပြီး ဘယ်ကိုမှ ထွက်မသွားချင်လောက်အောင် ဇိမ်ကျစရာေနရာ ဖြစ်နေပေသည်။
ကျောက်ယွဲ့က သူ့အတွက် စောင်သေချာခြုံပေးလိုက်ကာ ဆို၏။
"ခဏလောက် ဆက်လှဲနေ။ ဂိုဏ်းချုပ်ရှန်နဲ့ တခြားလူတွေတော့ ထပြီလို့ကြားတယ်၊ ချူဟိန်ဆီက ဘာသတင်းကြားရသေးလဲဆိုတာ ကိုယ် အပြင်ထွက်ပြီး စုံစမ်းပေးထားမယ်"
"အင်း၊ ကောင်းသားပဲ"
ဝမ်းလျိုနျဲန်လည်း စောင်ထဲသို့သာ တိုးဝှေ့ကာ ကျောက်ယွဲ့ထွက်သွားသည်ကိုသာ ပျင်းရိစွာ လိုက်ငေးကြည့်နေ၏။
အရိပ်တပ်သားလေးများက မတ်တတ်ရပ်လိုက်ကြသည်။
"မနေ့ညအတွက် ကျေးဇူးတင်ပါတယ်"
ကျောက်ယွဲ့မှ ဆိုသည်။ အရိပ်တပ်သားများကမူ အပြင်ပန်းအရ တည်ငြိမ်နေသော်ငြား စိတ်ထဲတွင် ဗလောင်ဆူနေပြီဖြစ်၏။
"ရပါတယ်၊ ခေါင်းဆောင်။ ဒါ ကျွန်တော်တို့ရဲ့ တာဝန်ပါ"
ဒါ့အပြင် ကျွန်တော်တို့ရဲ့ တာဝန်ပေါ့လျော့မှုကြောင့် လူရမ်းကားတစ်ယောက်က အမတ်မင်းရဲ့ဘောင်းဘီကို ခိုးယူသွားနိုင်တာလေ။ အဲ့အကြောင်းပြန်တွေးတိုင်း ငိုချင်တယ်။
"ဂိုဏ်းချုပ်ရှန်နဲ့ တောင်သခင်ယဲ့ရော"
ကျောက်ယွဲ့ ထပ်မေးလာ၏။ အရိပ်တပ်သားလေးက ညွှန်ပြလိုက်သည်။
"ခုလေးတင် အခန်းကနေထွက်သွားတာမို့ ထမင်းစားခန်းမှာ ရှိနေလောက်ပါမယ်"
ထို့နောက် ကျောက်ယွဲ့လည်း သူတို့အား ကျေးဇူးထပ်တင်လိုက်ကာ ထိုနှစ်ယောက်အား လိုက်ရှာဖြစ်သည်။ မနေ့ညက ကျူးကျော်တိုက်ခိုက်မှုအကြောင်း အခြေအနေ မေးရန်လည်းပါ၏။