အပိုင်း - ၁၂၄ ( တစ်စုံတစ်ယောက်က လျို့ဝှက်နည်းလမ်းကို ဝယ်ယူချင်နေတယ်)
( အမှန်နှင့် အမှား )
ရှန်ချန်းလင်မှ နှစ်သိမ့်လာ၏။
"အရမ်းမစိုးရိမ်လိုက်ပါနဲ့ ၊ အမတ်မင်း။ သူက ပိုးကောင်သေးသေးလေးပဲမို့ အဝေးကြီး မပြေးသွားနိုင်လောက်ဘူး၊ ဒီနားတစ်ဝိုက်မှာတင် ရှိမှာ"
"ကျလိ!!!"
ဇာမဏီငှက်လေးက တံတိုင်းပေါ်တွင် ဆောင့်ကြောင့်လေးထိုင်နေကာ ဝမ်းနည်းနေသည့်အသွင်ဖြင့် ငိုင်နေ၏။
"သားဘက်ကရော ရှာမတွေ့ဘူးတဲ့လား"
ချင်ရှောက်ယွီမှ မေးလာ၏။
"ဟုန်ကျာလန်က ဘယ်လောက်ပဲ နီရဲတောက်ပနေတဲ့ ပိုးကောင်လေးလို့ပဲ ဆိုဆို၊ ကျောက်မျက်ရတနာမှ မဟုတ်တာ"
ရှန်ချန်းလင်က အရိပ်တပ်သားတစ်ယောက်အား ခေါ်မေးလိုက်၏။
"စောန မင်းတို့တတွေ ဘယ်နေရာမှာ ရန်ဖြစ်ခဲ့ကြတာလဲ "
အရိပ်တပ်သားလေးက ယူကြုံးမရဖြစ်စွာ ငိုလာ၏။
"ဒီကနေ ဟိုးမြစ်ကမ်းဘေးထိပါခင်ဗျာ"
ဝမ်းလျိုနျဲန်၏ မျက်နှာထက် သွေးရောင်ပင် မရှိတော့ပါ။ ရှန်ချန်းလင်မှ ထပ်မေးလာ၏။
"မြစ်ကရော ဘယ်နားမှာလဲ"
"ဒီကနေ သုံးမိုင်ပါ"
"...."
မုဟန်ယဲ့က သူတို့ဘက် တက်ကြွပျော်ရွှင်စွာ လှည့်လာသည်။ လက်ထဲတွင်လည်း ပိုးကောင်တစ်ကောင် ရှိနေ၏။
"ဒါ ဟုန်ကျာလန်များလားဟင်"
ချင်ရှောက်ယွီမှ ချီးကျူးလိုက်သည်။
"ဒီရာသီမှာတောင် နောင်တော်မုက ဒီလောက်ဝဖြိုးတဲ့ ပိုးတုံးလုံးအစိမ်းကောင်တစ်ကောင် ရှာလာနိုင်တာပဲ"
ကျန်သူများမှာ မုဟန်ယဲ့အား ထိုင်ရှိခိုးချင်စိတ် ပေါက်သွားသည်။ ဟုန်ကျာလန်အား မမြင်ဖူးသည့်တိုင် "ဟုန်"(အနီ)ဟူသော စကားကို ကြားရသည်မဟုတ်လော။ ဘာကြောင့်များ အစိမ်းရောင်ပိုးကောင်လေး ယူလာခဲ့ပါသနည်း။