အပိုင်း - ၆၁ - First Half
သိုင်းပညာအခြေခံ မရှိသော်ငြား ၊ ကျောက်ယွဲ့မှလည်း စိတ်ရှည်လက်ရှည် သင်ကြားပေးနေသလို အမတ်မင်းကလည်း သင်ယူတတ်မြောက်လွယ်သဖြင့် တစ်နာရီမကုန်ခင်မှာပင် ဓားပြများအား တုံ့ပြန်ခုခံနိုင်မည့်နည်းကို တတ်မြောက်လာပေသည်။
"မဆိုးဘူးပဲ"
ကျောက်ယွဲ့ ပြောလာခြင်းဖြစ်သည်။ ဝမ်းလျိုနျဲန်က လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ကာ ဆို၏။
"တခြားဖြတ်လမ်းနည်းလည်း ရှိတယ်လေ"
"ဟင်?"
ကျောက်ယွဲ့ အံ့ဩသွား၏။
"ဘာများလဲ"
"ပျာယာမခတ်နဲ့၊ စိတ်အေးအေးထား။ အခွင့်ရတာနဲ့ ဟိုဒင်းနေရာကို အသက်ထွက်ချင်လောက်အောင် ဆောင့်ကန်ပစ်!!!!!"
ကျောက်ယွဲ့ - "....."
ဒါကမှ လိုရင်းတိုရှင်း အနှစ်ချုပ်ပဲ....
ဝမ်းလျိုနျဲန်က ကျေနပ်အားရစွာ ဆက်ဆိုလာသည်။
"ဒီနည်းက အရမ်းအသုံးဝင်တယ်"
ကျောက်ယွဲ့မှာ ခေါင်းတခါခါလုပ်လာ၏။
"အင်း၊ အနာဂတ်ကျ ဘာတွေဖြစ်လာမလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမယ့် ညကြီးအချိန်မတော် တစ်ယောက်တည်း အပြင်ထွက်မနေရင်ကောင်းမယ်၊ နားလည်လား"
ဝမ်းလျိုနျဲန်လည်း ခေါင်းညိတ်လိုက်သည်။
"အင်း၊ သိပါပြီ"
ထိုလူသားလေး လိမ္မာသည်ကို မြင်ရခဲသည်မို့ ကျောက်ယွဲ့မှာ ပျော်မြူးလာသည်။ သိုင်းလေ့ကျင့်မှုလည်း ပြီးလုပြီမို့ အခန်းထဲသို့ ရေနွေးလာပို့ပေးရန် အမှုထမ်းများအား မှာကြားလိုက်သည်။
****
အခန်းထဲဝယ်။
"မင်းလည်း ပင်ပန်းနေလောက်ပြီ၊ စောစော အနားယူဦး"
ကျောက်ယွဲ့မှ ဆိုလာ၏။
"အင်း"
ဝမ်းလျိုနျဲန်ကမူ အဝတ်အစားများကို စချွတ်လိုက်၏။
ကျောက်ယွဲ့ - "....."
ဤအခြင်းအရာကို သူ ရှောင်ပြေးလိုလှပေ၏။