အပိုင်း - ၁၂၅ ( လမ်းခုလတ်ရှိ ရုန်းရင်းဆန်ခတ်ပြဿနာ)( လူသတ်သမားတွေကို မျက်နှာဖုံးတပ်ထားတဲ့လူတွေ လုယူသွားတယ် )
မြို့ပြင်တစ်နေရာဝယ်။
အခြွေအရံစုံလင်လှစွာသော မြင်းလှည်းတန်းတစ်ခုက မြို့တော်ရှိရာ ရှေ့ဆက်လာကြကာ မြင်းလှည်းထဲရှိ မုဟန်ယဲ့ကမူ တရားကျင့်နေသော ဘုန်းကြီးတစ်ပါးအလား ခံစားချက်ဗလာကျင်းစွာ ထိုင်နေသည်။
ဟွမ်ယွမ်မှ သတိပေးလာ၏။
"မြို့တော်တံခါးဝ ရောက်တော့မယ်နော်၊ ပြုံးပြုံးပျော်ပျော်လေး နေပါဦး"
သာမန်ပြည်သူတွေသာ ဒီမျက်နှာဆူပုပ်ပုပ်ကြီး မြင်သွားရင် နောက်သုံးလေးငါးလလောက်ထိ စကားဝိုင်းထဲ ပြောလို့မဆုံးဖြစ်တော့မယ်။
မုဟန်ယဲ့က သက်ပြင်းချလိုက်သည်။
"မပျော်နိုင်ပါဘူးလေ"
ဟွမ်ယွမ်၏ခေါင်းထဲ ပူထူသွားသည်။
လုပ်ပြန်ပြီ။
မုဟန်ယဲ့က ခါးသက်နာကျင်စွာ ဆိုလာ၏။
"တိုင်းပြည်တစ်ခုကို အပိုင်စားအုပ်ချုပ်နေရပေမယ့် လတ်လျားလတ်လျား သောင်းကျန်းနေတဲ့ မိစ္ဆာမကို ဖမ်းမမိသေးတာ ကိုယ် ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ လက်စွဲတော်ဓားနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မှ ချီးကြွယ်ပြည်ရဲ့ဘိုးဘေးဘီဘင်တွေကို မျက်နှာပြရဲပါတော့မယ်"
ဟွမ်ယွမ် - "...."
မုဟန်ယဲ့၏လက်က သွမ့်ဖုန်းဓားအား ဖြည်းနှေးစွာ ဆွဲထုတ်လာ၏။
ဟွမ်ယွမ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလှပေပြီ။
"ပေါက်ကရတွေ ထပ်မလုပ်ပါနဲ့တော့"
ဒီမနက် အိပ်ရာထပြီးပြီးချင်း တခြားကိစ္စ အလျင်လိုနေလို့ သူနဲ့ ဟိုကိစ္စ မလုပ်မိတာနဲ့ပဲ လူကို မိစ္ဆာမဇာတ် သွင်းလိုက်တာလား။
မုဟန်ယဲ့က အခွင့်အရေးကို ဆုပ်ကိုင်လိုက်က မေးမြန်းတောင်းဆိုလာသည်။
"ဒါဆို အားဟွမ် ၊ ကိုယ့်ကို် အကြင်နာပေးပေး"
ဟွမ်ယွမ်ကမူ ထိုစကားအား မကြားလိုက်သလိုသာ ဟန်ဆောင်လိုက်ကာ မြင်းရထား၏ ကန့်လန့်ကာစအား လှပ်ပြီး အပြင်သို့ လှမ်းပြောလိုက်၏။