အပိုင်း - ၄၀ ( ခေါင်းဆောင်ကျောက်က ဟိုဟာ မထောင်နိုင်ဘူးတဲ့ )
{ ဆေးဆရာကို ရှောင်မပုန်းပါနဲ့ }
ကျောက်ယွဲ့က သူ့လက်ထဲမှ ပန်းကန်လုံးကို မျက်နှာသေကြီးနှင့်သာ ယူလိုက်ရသည်။
"ကျေးဇူး"
"ဒါ ဘယ်လက်ရုံး ချက်ပေးထားတာပါ၊ ဆေးဘက်ဝင်အပင်တွေလည်း ပါတယ်။ ခေါင်းဆောင်ကျောက်က အတွင်းသိဒ္ဓိအား ကောင်းပြီးသားဆိုပေမယ့် တောင်ကြားထဲမှာ ဘာမြူခိုးမျိုးတွေ ရှိနေမလဲ မသိရဘူး။ သတိထားထားတာ ပိုကောင်းပါမယ်"
ကျောက်ယွဲ့က ခေါင်းမော့ကာ တစ်ခါတည်း အကုန်မော့သောက်လိုက်သည်။ ဝမ်းလျိုနျဲန်က အခန်းပတ်ပတ်လည်အား လျှောက်ပတ်ပြီး ကြည့်လာ၏။ ကျောက်ယွဲ့မှာ ပန်းကန်လုံးကိုသာကိုင်ကာ ဘာမှမပြောဖြစ်။
မင်းကို အထဲဝင်လာဖို့ ငါ မဖိတ်မိပါဘူး။
ဝမ်းလျိုနျဲန်က စားပွဲဘေးနားထိုင်လိုက်ကာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။
ကျောက်ယွဲ့က မေးလိုက်၏။
" ငါ့ကို မေးချင်တဲ့ကိစ္စရှိလို့လား"
"ဟုတ်၊ ကျားခေါင်းဂိုဏ်းရဲ့ အမှတ်တံဆိပ်ပုံကို ခေါင်းဆောင်ကျောက် ဆွဲပြပေးလို့ရမလား"
"ဒါမျိုးကိစ္စဆို မင်း လုကျွေးဆီ သွားသင့်တယ်"
ဝမ်းလျိုနျဲန်က လေးနက်စွာ ပြောလာသည်။
"ကျွန်တော် သူ့ဆီသွားလာပြီးပြီ၊ ကြည့်ရတာ ဒုခေါင်းဆောင် အိပ်ပျော်သွားပြီထင်တာပဲ"
ကျောက်ယွဲ့ - "....."
မင်းလာတာ နောက်ကျနေပြီကို၊ ငါလည်း အိပ်နေလောက်မယ်လို့ မင်း မထင်ဘူးလား။
"ခေါင်းဆောင်၊ အရမ်းပင်ပန်းနေပြီလား"
"အေး"
"ဪ"
ဤစာဂျပိုးနှင့် စကားဆယ်ခွန်းမျှ ထပ်ပြောရလျှင် ထိုလူသားအား ခေါင်းခေါက်ချင်လာမည်ဟု ကျောက်ယွဲ့ ခံစားလိုက်ရသည်။
ဝမ်းလျိုနျဲန်က ပန်းကန်လုံးအလွတ်ကို ယူလိုက်ကာ အပြင်သို့ တုံ့ဆိုင်းလေးလံစွာ လျှောက်လှမ်းသွားသည်။