အပိုင်း - ၄၅ { နှမ်းသွပ်မုန့်နှင့် မြို့စားမင်း }{ အိတယ်၊ မွှေးတယ် ၊ ညဏ်ထက်တယ် }
"ဟုန်ကျာလန်ရော ဒီမှာရှိနေလား"
စားပွဲတွင် ထိုင်လိုက်ပြီးသော်ငြား ဝမ်းလျိုနျဲန်က အနည်းငယ်စိုးထိတ်နေဆဲ။
ကျောက်ယွဲ့ - "ရှိတယ်"
ဝမ်းလျိုနျဲန် - "....."
"လုကျွေးရဲ့ အခန်းထဲမယ်"
ထိုလူသားလေးက သူ့အခန်းအား ကျီးလန့်စာစား လျှောက်ကြည့်နေသည်မို့ ကျောက်ယွဲ့မှာ အနည်းငယ် ပျော်မြူးလာ၏။
"အာ....တော်သေးတာပေါ့"
ဝမ်းလျိုနျဲန်က သက်ပြင်းချလိုက်သည်။ ကျောက်ယွဲ့က သူနှင့် မျက်နှာချင်းဆိုင်နေရာအား ဝင်ထိုင်လိုက်၏။
"ဘာကိစ္စ ရှိလို့လဲ"
"မုန့်လာစားတာ"
ကျောက်ယွဲ့ မျက်မှောင်ကြုတ်သွားသည်။
"လာရင်းကိုပဲ ပြော"
"ရောက်လာတဲ့ အကြောင်းရင်းကလည်း မုန့်စားဖို့လေ"
ဝမ်းလျိုနျဲန်က စက္ကူအိတ်အား ဖောက်လိုက်၏။
"ဒါ မြို့ထဲက ယန်မိသားစုအိမ်ကနေ အသစ်စက်စက် ဖုတ်လာတဲ့ မုန့်လေး။ ချိုလည်းမချို၊ ငန်လည်းမငန်ဘူး။ စားလို့ကောင်းတယ် "
ကျောက်ယွဲ့က သူ့အား ကြည့်လာသည်။
ဝမ်းလျိုနျဲန်ကမူ တည်ကြည်အေးဆေးနေမြဲ။
"မင်းကို လုကျွေးလာခိုင်းလိုက်တာမလား"
ဝမ်းလျိုနျဲန် ခေါင်းခါလိုက်သည်။
"မဟုတ်ရပါဘူး"
"နောက်မှ ဒင်းကို ငါ ထုထောင်းပစ်ပါဦးမယ်"
ဝမ်းလျိုနျဲန် - "....."
ဘာလို့တုန်း။
ကျောက်ယွဲ့လည်း မုန့်တစ်ခု ယူစားလိုက်သည်။ ဝမ်းလျိုနျဲန်က လက်ဖက်ရည်ခွက်တစ်စုံ ထုတ်လိုက်ကာ ဒေသထွက်လက်ဖက်စိမ်းအချို့အား နှပ်ပေးလာ၏။
"အရင်တစ်ခေါက်ဟာနဲ့ ဘာလို့မတူတာလဲ"
ခေါင်းဆောင်ကျောက်က ထိုလက်ဖက်ရည်ခွက်ကို ယူကြည့်လိုက်သောအခါ လက်ဖက်ရည်က အနည်းငယ်နောက်နေသလိုလည်း ဖြစ်ကာ စံပယ်ပွင့်များလည်း မပါတော့သဖြင့် မေးကြည့်လာခြင်းဖြစ်၏။