အပိုင်း - ၇၂ ( ကောင်းမွန်ကျစ်လျစ်သော ကိုယ်ခန္ဓာ )( အရမ်းကိုပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ် )
စာကြည့်ခန်းထဲတွင် အလင်းရောင်ရှိနေဆဲဖြစ်၏။ ဝမ်းလျိုနျဲန်မှ စတင်မေးမြန်းလာသည်။
"အလောင်းခွဲစိတ်မှုရဲ့ ရလဒ်ကရော ဘယ်လိုလဲ"
လုကျွေးမှ ဖြေဆိုလာသည်။
"ဝူနျိုရွာမှာတွေ့တဲ့ အလောင်းထဲက အဆိပ်တေ္နဲ့ အမျိုးအစားအတူတူပါ။ ပြီးတော့ ဝမ်တာ့ကွီ့အိမ်မှာ လျို့ဝှက်ဥမင် မရှိပါဘူး ။ သူ့ကိုယ်ထဲက ကူပိုးကောင်အဆိပ်ကြောင့် ရုတ်တရက်သေဆုံးသွားတာလို့ ယူဆရပါတယ်"
ကျောက်ဝူမှ ဆိုသည်။
"ဝမ်တာ့ကွီ့ကိုယ်တိုင်လည်း ဒီလောက်ထိ စောစောစီးစီး နှုတ်ပိတ်ခံရမယ်မှန်း မထင်ထားလောက်ဘူး။ သူ့အိမ်ရဲ့ မျက်နှာကျက်မှာ ကျွန်တော် ငွေစအများအပြား ရှာတွေ့ထားပါသေးတယ်၊ ကျားခေါင်းဂိုဏ်းကပေးတဲ့ ဆုငွေဖြစ်ပါလိမ့်မယ်။ လျန်ရာချီတောင် ရှိတာပါ"
ဝမ်းလျိုနျဲန်က မေးစေ့ကို ပွတ်သပ်ရင်း ပြောလာ၏။
"နည်းသေးတယ်"
ဤမြို့ထဲတွင် သူ့လို သူလျိုများစွာ ရှိနေလိမ့်မည်။ ငွေပမာဏ လျန်ရာချီမှာ နည်းပါးသည့်ပမာဏ မဟုတ်သော်ငြား ဝမ်တာ့ကွီ့က အင်မတန့်အင်မတန် အရေးကြီးသော နယ်ရုပ်ဖြစ်ဟန်မရပါ။ သို့သော် ထိုမျှများပြားသောပမာဏ ရထားသည်ကို ထောက်ဆရလျှင် ကျားခေါင်းဂိုဏ်းမှာ ကျောထောက်နောက်ခံအကြီးကြီး ရှိမှန်း သိနိုင်ပေသည်။
"အကြံရပြီ"
လုကျွေးမှ ထိုသို့ပြောလာသောအခါ ဝမ်းလျိုနျဲန်အား ခေါင်းညိတ်လိုက်၏။
"ကြားနာခွွင့်ပြုပါဦး"
"ဝမ်တာ့ကွီ့ သေဆုံးရတဲ့အကြောင်းရင်းကို ဖုံးကွယ်ထားစရာ မလိုတော့ဘဲ လူတွေကို အမှန်အတိုင်း ပြောပြလိုက်ရအောင်ပါ။ ကူပိုးကောင်အကြောင်းကိုတော့ ပြောမပြပါနဲ့တော့။ သူက ကျားခေါင်းဂိုဏ်းအတွက် တစ်လျှောက်လုံး သူလျိုလုပ်လာခဲ့ပြီး အမတ်မင်းကို မကောင်းကြံရင်းကနေ အမှုမဲ့အမှတ်မဲ့ တန်ပြန်ထိသွားတာလို့ ပြောလိုက်ပါ။ တလွဲလုပ်နေတဲ့လက်ဟာ ကျားခေါင်းဂိုဏ်းအတွက် တန်ဖိုးမရှိတာမို့ တစ်ယောက်ပြီးတစ်ယောက် ထပ်သတ်ပစ်ပါလိမ့်မယ်ဆိုတဲ့ သဘောပါပဲ။ ဒီလိုသာဆိုရင် ဇ,မရှိတဲ့ သူလျိုတွေက နည်းနည်းပါးပါးတော့ ထိတ်လန့်ခြောက်ခြားလာမှာဖြစ်ပြီး တခြားသူလျိုတွေကလည်း အဲ့ဂိုဏ်းနဲ့ အလုပ်ဆက်လုပ်သင့်သလားဆိုတာကို ချင့်ချိန်စပြုလာပါလိမ့်မယ်"