အပိုင်း - ၁၁၃ ( ဒါက တစ်ဖွဲ့တည်းသားတွေပါ )
(ငါ့သားလေး ရုံးတက်တာ မတွေ့ဘူး)
"ဆိုင်တာဝန်ခံမောင်ရင်၊ အဆင်ပြေရဲ့လား"
လုကျွေး၏ မျက်နှာထားကို မြင်တော့ ဝမ်းလျူမော့မှ မဝံ့မရဲမေးလာ၏။ ထိုအခါမှ လုကျွေးက သတိပြန်ဝင်လာပေသည်။
"ဟုတ်၊ ပြေပါတယ်"
"ဒါဆို ဒါလေး...ကြည့်ပေးပါဦး"
ဝမ်းလျူမော့မှ ထပ်မံတိုက်တွန်းလာ၏။ လုကျွေးက ထိုနားကပ်အား ဝမ်းလျူမော့လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"အိမ်အပြင်ဘက် ခရီးထွက်လာရင် အခက်အခဲမတွေ့တဲ့ဆိုတာ ဘယ်မှာမှ မရှိပါဘူးခင်ဗျာ။ ထမင်းတစ်ဝိုင်းနှစ်ဝိုင်းစာက ဘာမှ မပြောပပါဘူး။ ဧည့်သည်တို့ အချိန်ရမှနောက်နေ့တွေကျ အဖိုးအခ ပြန်လာပေးလှည့်ပါ။ လက်ဝတ်ရတနာကို အပေါင်အဖြစ် ပေးထားစရာ မလိုပါဘူးခင်ဗျာ"
"အားနာလိုက်တာဗျာ"
ဝမ်းလျူမော့မှာ အားနာသွားရ၏။ ဆိုင်ဝန်ထမ်းလေး၏ အပြုအမူအရ ယနေ့တော့ ထမင်းဖိုးဟင်းဖိုး မရရအောင် ပေးချေခိုင်းမည်ဟု မှတ်နေရာ ဆိုင်တာဝန်ခံဖြစ်သူက ဤမျှထိ နှုတ်ရေးကြွယ်ကာ စိတ်စေတနာကောင်းလိမ့်မည်ဟု သူတို့ မထင်ခဲ့။
လုကျွေးမှ အေးအေးဆေးဆေး ဆက်ပြောလာ၏။
"အားနာစရာ မလိုပါဘူးခင်ဗျာ။ ကျွန်တော်တို့အိမ်က ခေါင်းဆောင်သာဆိုလည်း ဒီလိုပဲ ပြုမူမှာမို့လို့ပါခင်ဗျာ"
"ဒါဆိုလည်း ကျေးဇူးပါ၊ မောင်ရင်။ စိတ်ချပါ၊ မနက်ဖြန်ကျ ထမင်းဖိုး ဆက်ဆက်လာပေးပါ့မယ်။ ခုတော့ ပြန်ခွင့်ပြုပါဦး"
ဝမ်းလျူမော့က ကျေးဇူးအထပ်ထပ်တင်လာသည်။ သခင်မကြီးဝမ်းလည်း လုကျွေးအား ကျေးဇူးတင်စကားဆိုလာ၏။ ဆိုင်တာဝန်ခံလေးမှာ မျိုးကောင်းရိုးကောင်း သားသမီးဖြစ်ဟန်ရကာ၊ ရုပ်ရည်လည်း ချောမောရုံသာမက အပြောအဆိုလည်း နူးညံ့သိမ်မွေ့ပြီး စေတနာသဒ္ဓါလည်း ထက်သန်လှပေ၏။ မည်သို့ပင်ကြည့်ကြည့် ၊ သဘောကျစရာပါပေ။
ထိုစဥ် လုကျွေးမှ ထပ်မေးလာသည်။
"မေးခွန်းနောက်တစ်ခု ထပ်မေးချင်လို့ စိတ်မရှိလိုက်ပါနဲ့ ။ အခု ဒီကဧည့်သည်တော်တို့က အသပြာလည်းဆုံးထား၊ တခြားမြို့သားလည်း ဖြစ်နေတော့ ဒီညအပြင်သွားရင် သွားတည်းစရာနေရာရော ရှိပါရဲ့လားခင်ဗျာ"