အပိုင်း - ၅၀ ( စုန်းအတတ် )
( မင်းရဲ့ဘေးမှာ ငါ အဖော်ပြုနေမယ် )
ဝမ်းလျိုနျဲန်အား ပြန်လုယူသွားသောအခါ တစ်ဖက်ကဖုတ်ကောင်မှာ ထူးဆန်းသောအော်သံတစ်မျိုးပြုလာကာ ခုန်ပေါက်လာသည်။ သူ၏လှုပ်ရှားမှုများမှာ တောင့်တောင့်ကြီးဖြစ်နေကာ မျက်နှာကလည်း အသက်မပါဘဲ လေးလံထိုင်းမှိုင်း၏။ မျက်လုံးများတွင်လည်း မည်သည့်ခံစားချက်မျိုးမှမရှိဘဲ လက်သည်းများကလည်း ပြာနှမ်းမည်းနက်နေသည်။ ဤသည်မှာ လူသားစင်စစ်မဟုတ်တော့ပါ၊ သေပြီးသားလူသာလျှင် ဖြစ်ချေမည်။
ကျောက်ယွဲ့က သူ၏ဓားဖြင့် ထိုဖုတ်ကောင်၏ ညာဘက်လက်အား ပိုင်းဖြတ်လိုက်သည်။ သို့သော် ထိုဖြတ်ရာမှသည် သွေးများစီးကျမလာပါ။ ထိုဖုတ်ကောင်က မည်သည့်နာကျင်မှုမျိုးမှလည်း ခံစားရသည့်ဟန်မပြုဘဲ ရှေ့သို့သာ ဆက်လျှောက်လှမ်းလာပေ၏။
သူ့ရင်ခွင်ထဲရှိ ဝမ်းလျိုနျဲန်မှာ ဒဏ်ရာကြီးစွာ ရထားသဖြင့် ကျောက်ယွဲ့၌ တိုက်ခိုက်လိုစိတ် မရှိတော့။ ဤတောင်ပေါ်တွင် အခြားဖုတ်ကောင်များ ရှိနေမည်လားဟုလည်း မတွေးအားတော့။ ထို့ကြောင့် ၎င်း၏ခေါင်းကို ပိုင်းဖြတ်လိုက်ပြီးသည်နှင့် ဝမ်းလျိုနျဲန်အား ပွေ့ချီပြီး တောင်အောက်သို့ ဆင်းလာခဲ့ကာ ရုံးသို့သာ အမြန်ဆုံးပြန်လာခဲ့ပေသည်။
.
.
.ရုံးတော်၏ ဧည့်ခန်းဆောင်ဝယ် ဟွားထန်လည်း အနားယူရန် ကြံရွယ်နေရာ ထိုသတင်းကိုကြားလိုက်သည်နှင့် သူမလည်း လွန်စွာမှ ထိတ်လန့်သွားပြီး ကျောက်ဝူနှင့်အတူ အမြန်ထွက်လာကြည့်ပေသည်။
ဝမ်းလျိုနျဲန်ကမူ မျက်လုံးမှိတ်ထားလျက်သားနှင့် သတိလစ်နေပြီဖြစ်၏။ သူ့အဝတ်ပေါ်တွင်လည်း သွေးများစွန်းထင်းနေရာ မြင်ရသူအား ထိတ်လန့်စေနိုင်လှသည်။
ကျောက်ယွဲ့မှာ ထိုလူသား၏လက်ကို ကိုင်ထားရင်း သူ့ကိုယ်သူ အပြစ်တင်၍ မဆုံးနိုင်တော့။ သူသာ ဆန်းမန်တောင်ပေါ်သွားဖို့ အတင်းမခေါ်ခဲ့လျှင် ၊ သူ့ဘက်ကသာ မပေါ့ဆခဲ့လျှင် ၊ ဤစာဂျပိုးလေးအပေါ် ဤသို့သောဖြစ်ရပ်မျိုး ကြုံကြိုက်လာစရာအေကြာင်း မရှိနိုင်ပါချေ။