အပိုင်း - ၁၂၆ ( တွေ့ဆုံရပြီဆိုမှတော့ ကံကြမ္မာရေစက်ပဲပေါ့ )( ဒီတစ်ခါတော့ ကျွန်တော် ဧည့်ခံပါရစေ)
မြွေဆရာများ၏ ရုပ်အလောင်းမှာ ပိတ်ဖြူစများနှင့် အုပ်ထားခံရကာ အခန်းလွတ်တစ်ခုထဲ ယာယီထည့်သိမ်းခံထားရ၏။ ထိုသူတို့၏ နှာခေါင်းနှင့်ပါးစပ်မှလည်း သွေးယိုစီးနေကာ မျက်နှာကလည်း မဲပြာနေလို့။ သွေးခုန်နှုန်းရော ဝင်သက်ထွက်သက်ပါ မရှိကြတော့ပါချေ။
"ဘယ်လိုနေလဲဟင်"
ဝမ်းလျိုနျဲန်မှ မေးလာ၏။ ယဲ့ကျင်က အလောငးကို စမ်းသပ်နေသောလက်အား ရုတ်သိမ်းလိုက်သည်။
"တကယ်သေသွားပြီ"
"ဒါပေမယ့် - "
ဝမ်းလျိုနျဲန်ကမူ လေးလံတုံ့ဆိုင်းနေသည်။ ဤကိစ္စက မည်သို့မှ ကျိုးကြောင်းဆီလျော်မှု မရှိချေ။
"အမတ်မင်းဝမ်း သံသယရှိနေတုန်းလား"
ယဲ့ကျင် မေးလာ၏။
"ဟုတ်ကဲ့၊ ဂုဏ်အင်စည်းစိမ်တွေကို လောဘမတက်ရင် ဒီလောက်ကြီးမားတဲ့ အန္တရာယ်မျိုး စွန့်စားရဲမှာမဟုတ်ဘူး။ သူပုန်တွေနဲ့လည်း အလုပ်လုပ်ဖို့ သဘောတူမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဇစ်မြစ်ရှာလို့ရရင သူတို့ လွတ်လမ်းမရှိဘူးဆိုပေမယ့် အကြောင်းစုံကို ရိုးရိုးသားသား ပြောပြချင်စိတ်ရှိရင် အနည်းဆုံးတော့ အသက်ချမ်းသာရာပေးလို့ရတယ်၊ ဘာလို့များ သေလမ်းကိုပဲ ရွေးခြယ်သွားတာလဲ "
ယဲ့ကျင်က ခေါင်းခါပြလာ၏။
"ဒါပေမယ့် သူတို့ တကယ်သေသွားကြပါပြီ"
ဝမ်းလျိုနျဲန်ကမူ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခု မူမမှန်သေးကြောင်း စေ့ဆော်တိုက်တွန်းခံနေရသည့်အလား။
ထိုစဥ် အင်္ကျီလက်ထဲမှ တရှပ်ရှပ်အသံမြည်လာကာ ဟုန်ကျာလန်လေးက ခြေလက်လေးများအား လှပ်ပြီး အပြင်သို့ ထွက်လာ၏။
ဗိုက်ဆာတယ်!!!!!
ယဲ့ကျင်က ထိုအကောင်လေးအား ကြည့်နေသည်။ ထိုစဥ်မှာပင် ဖြေးနှေးစွာ ထွက်လာသော နောက်ထပ်အနီကောင်လေးတစ်ခု တွေ့လိုက်ရပေ၏။