အပိုင်း - ၁၉ ( တောင်အောက်ကို ဓားပြအဖွဲ့လိုက်ကြီး ဆင်းလာတယ် )
{ ပွဲထဲဝင်မနွှဲရင် သူများတွေ စိတ်ညစ်သွားမှာပေါ့ }
"မရဘူးလား"
ရှန့်ယွင်ကျယ်က သူ့အားကြည့်လာ၏။
"နှစ်သစ်ကူးအကြို ညစာစားပြီးတာနဲ့ နှစ်သစ်ကူးရောက်ဖို့အတွက် သန်းခေါင်ယံအုန်းမောင်းခေါက်တဲ့အထိ ထိုင်စောင့်ရဦးမှာ။ အဲ့အချိန်ပြီးရင် မိုးလည်းလင်းတော့မှာမို့ ထန်ယွင်ခံတပ်ကို ငါ ပြန်သွားဖို့လည်း မဖြစ်နိုင်တော့ဘူးလေ၊ ဟုတ်တယ်မလား "
ထို့နောက် ခဏလောက် ထပ်တွေးလိုက်ကာ ရှန့်ယွင်ကျယ်က ထပ်လောင်းပြောကြားလာ၏။
"ရုံးတော်ထဲကလူတွေလည်း အကုန်အိပ်နေကြလောက်ပြီ၊ ပြီးတော့ အပြင်မှာလည်း အရမ်းချမ်းနေမှာ"
လမ်းဘေးမှာပဲ ထိုးအိပ်ရရင် အဖြစ်အရမ်းဆိုးသွားမှာပေါ့။
အာ....ဟုတ်သား....
မုချင်းရှန်းမှာ သူ့ကိုယ်သူ ဒီထက်ပိုပြီး စာနာထောက်ထားစွာ တွေးကြည့်ခဲ့သင့်သည်ဟု ခံစားသွားရသည်။ ယခုတော့ အဓိကအချက်ကိုမှ မေ့သွားခဲ့ေလပြီ။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောလာခဲ့၏။
"ဒါဆို ခံတပ်သခင် စိတ်မရှိဘူးဆိုရင်လည်း ဒီမှာပဲ တစ်ညတည်းလှည့်ပါခင်ဗျာ"
ရှန့်ယွင်ကျယ်၏ရင်ထဲတွင် အောင်ပွဲကြီးခံကာ ပျော်မြူးတက်ကြွလွန်းနေပြီဖြစ်သည်။ သို့သော် သူ့မျက်နှာပေါ်မှာတော့ ဘာအရိပ်အယောင်မှ ပေါ်မလာချေ။
"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
"မဟုတ်တာဗျာ။ အစ်ကိုနဲ့မရီးတို့ရဲ့ အိပ်ရာက အတော်ကြီးတယ်၊ ကျွန်တော်တို့သုံးယောက်အိပ်ဖို့ နေရာအကျယ်ကြီး ဆန့်ပါတယ်"
မိုးကြိုးလျှပ်စီးတစ်ခုက ရှန့်ယွင်ကျယ်၏ ခေါင်းပေါ်သို့ တည့်တည့်ကြီးကျရောက်လာသည့်အလား။
သူပြောတဲ့သဘောက.....သူ့အစ်ကိုနဲ့ မရီးကြား သွားအိပ်ခိုင်းဖို့လားဟ။
အစ်ကို? မရီး?
"မရီးက အရမ်းသဘောကောင်းတယ်။ ခံတပ်သခင် ဒီမှာ တစ်ညတည်းတာကို ဘာမှဗွေမယူလောက်ပါဘူး။ ကျွန်တော်တော့ အစ်ကိုကြီးတို့ နဲ့ တစ်အိပ်ရာတည်း သွားအိပ်လိုက်ပါ့မယ် "